အာဆင်နယ်က စမစ်ရိုဝီတောင် ရော်နယ်ဒိုထက်ပိုကောင်းတယ်ဆိုတဲ့ နဗီးလ်

ယူနိုက်တက်ဂန္တဝင်ဟောင်း ဂယ်ရီနဗီးလ်က အာဆင်နယ်အတွက် ခြေစွမ်းပြနေတဲ့ စမစ်ရိုဝီက အသက် (၂၁) နှစ်အရွယ်က ရော်နယ်ဒိုထက် ပိုမိုထိထိရောက်ရောက်ကစားနိုင်ပြီး စိတ်ခံစားချက်ထားလေ့မရှိဘူးလို့ဆိုလာပါတယ်။

စမစ်ရိုဝီဟာ အသက် (၁၀) နှစ်တည်းက အာဆင်နယ်အကယ်ဒမီကို ရောက်ရှိနေတာဖြစ်ပြီး ဒီနှစ်အစောပိုင်းမှာတော့ အိုဇေးလ်ထွက်ခွာသွားလို့ လစ်လပ်နေတဲ့ ကျောနံပါတ် (၁၀) ကိုပါ ဆက်ခံခွင့်ရရှိထားတာပါ။

အသက် (၂၁) နှစ်အရွယ် စမစ်ရိုဝီက ပရီးမီးယားလိဂ်သွင်းဂိုး (၂) ဂိုးသွင်းယူပေးထားပြီး နောက်ပိုင်း အာဆင်နယ်ရဲ့သွင်းဂိုးတွေအတွက် သူ့ရဲ့ပါဝင်ပတ်သက်မှုတွေက တော်တော်လေး အရေးပါလာခဲ့ပါတယ်။ ဒီလိုမျိုး စမစ်ရိုဝီနဲ့ပတ်သက်လို့ ဂယ်ရီနဗီးလ်က အခုလိုပဲ ချီးကျူးခဲ့ပါတယ်။

ဂယ်ရီနဗီးလ်က “ကျွန်တော့်ဘဝမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ချင်တယ်လို့ ပထမဆုံးပြောဖူးတာ ရော်နယ်ဒိုပါပဲ။ သူက တစ်ချက်တောင် တွေဝေမနေဘဲ ပြောခဲ့တာပါ။ ကစားသမားတစ်ယောက်က ဒီလိုမျိုး ထုတ်ပြောတာ ပုံမှန်မဟုတ်ပါဘူး”

“ဘာလို့လဲဆိုတော့ လူတိုင်းက အသင်းလိုက်နဲ့ စုစည်းမှုအကြောင်းကိုပဲ ပြောကြတာပါ။ ဆာလာလည်း ဒီလိုပြောလာတော့ အသွင်ဆန်းသစ်သွားတာပေါ့။ ရော်နယ်ဒိုကို (၁၀) နှစ် (၁၅) နှစ်၊ ဆာလာကို (၆) နှစ်လောက်နောက်ဆုတ်ပေးလိုက်ရင် သူတို့နှစ်ယောက်က တကယ်ကို အညှာအတာကင်းမဲ့ပြီး ထိထိရောက်ရောက်ကစားနိုင်မှာပါ”

“စမစ်ရိုဝီက အခု အဲ့ဒီလိုမျိုးဖြစ်နေပါပြီ။ သူ့ရဲ့ကစားသမားဘဝ အရှည်ကြီး ဖြတ်သန်းရဦးမှာပါ။ ရော်နယ်ဒိုတောင် အသက် (၂၁) နှစ်အရွယ်မှာ စမစ်ရိုဝီလိုမဖြစ်သေးပါဘူး။ ဒါပေမယ့် သူလည်း နောက်ပိုင်း လုပ်ပြခဲ့ပါတယ်”

“သူတို့တွေအကုန်လုံးက ပွဲတိုင်း ပွဲတိုင်းမှာ အကောင်းဆုံးဖြစ်ချင်ပြီး အနိုင်ဂိုးသွင်းချင်တယ်၊ လုပ်နိုင်မယ်လို့ ယုံကြည်ထားကြပြီး သူတို့ရဲ့ယုံကြည်ချက်တွေကတော့ အံ့အားသင့်စရာပါပဲ” လို့ ပြောကြားခဲ့ပါတယ်။