လေ့ကျင့်ခန်းမဆင်းချင်လည်း ဂိုးသွင်းတတ်တယ်လို့ ကာတာမြေကနေလှမ်းပြောလိုက်တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်

ကိုလံဘီယာ နာမည်ကျော်ကြယ်ပွင့် ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကတော့ ကာတာမြေမှာ သူ့ရဲ့ ကစားသမားဘဝအတွက် ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ အဲဗာတန်ကနေ ကာတာကလပ် အယ်လ်ရေယန်ကို မကြာခင်ကမှ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အယ်လ်ဆေလီယာကို ၂-၀ ဂိုးနဲ့ ဦးဆောင်ထားချိန်မှာ အသင်းအတွက် (၃) ဂိုးမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့တာပါ။

တောင်ပံကနေ အသင်းဖော် ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို ဂျိမ်းစ်ရိုဒရီဂွက်ဇ်က တစ်ချက်ထိန်းပြီး ပြိုင်ဘက်နောက်ခံလူကို အယောင်ပြကာ အပြင်းကန်သွင်းခဲ့ပါတယ်။ ပွဲအပြီးမှာလည်း အယ်လ်ရေယန်က အယ်လ်ဆေလီယာကို ၄-၂ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။

ဂျိမ်းစ်ဟာ အဲဗာတန်မှာ ခက်ခဲတဲ့ အချိန်ကာလတွေကို ဖြတ်သန်းခဲ့ရပြီး ဒဏ်ရာပြဿနာတွေ၊ ကြံ့ခိုင်မှုပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဘင်နီတက်ဇ် အဲဗာတန်ကိုရောက်လာချိန်မှာ ဂျိမ်းစ်ကို လူသိရှင်ကြား ဝေဖန်ခဲ့သေးတာပါ။

ဂျိမ်းစ်အနေနဲ့ လေ့ကျင့်ခန်းဆင်းလိုခြင်းမရှိဘဲ ပြင်ပဘဝ အောင်မြင်မှုကိုသာ မက်မောကြောင်း၊ ပွဲထွက်ကစားခွင့်မရတဲ့အခါ အသင်းဖော်တွေကို လေးစားမှုမရှိကြောင်း၊ ပွဲထွက်ကစားသမားစာရင်းအတွက် ကစားသမားက ဘယ်လောက်ကျော်ကြားလဲဆိုတာနဲ့ တွက်ချက်လို့မရကြောင်း ဘင်နီတက်ဇ်က စွပ်စွဲပြောကြားခဲ့ပါတယ်။

(၂၀၁၄) ကမ္ဘာ့ဖလားမှာ စတင်တောက်ပလာခဲ့တဲ့ ဂျိမ်းစ်ဟာ တော်တော်လေး မျှော်လင့်ခံထားရတဲ့ ကစားသမားဖြစ်ခဲ့ပေမယ့် ရီးရဲယ်မက်ဒရစ်မှာ ပုံမှန်နေရာမရတဲ့နောက် ဒဏ်ရာပြဿနာတွေနဲ့အတူ ပုံမှန်ခြေစွမ်းပျောက်ဆုံးသွားခဲ့ရတာလည်းဖြစ်ပါတယ်။