ဒမ်ဘီလီက အမ်ဘာပေထက် အများကြီးပိုကောင်းတယ်ပြောလိုက်တဲ့ နာဘရီ

အာဆင်နယ်ကစားသမားဟောင်း လက်ရှိ ဘိုင်ယန်မြူးနစ်မှာ ကစားနေတဲ့ နာဘရီက ဘာစီလိုနာတိုက်စစ်ကစားသမား ဒမ်ဘီလီက ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေထက် အများကြီး ပိုကောင်းတယ်လို့ ဆိုလာပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဖော်တွေနဲ့ ရိုက်ကူးခဲ့တဲ့ မှတ်တမ်းရုပ်ရှင်မှာ နာဘရီက အခုလိုပဲ အံ့အားသင့်ဖွယ် ပြောကြားခဲ့တာပါ။

ဒမ်ဘီလီဟာ ဒဏ်ရာပြဿနာတွေနဲ့ အချိန်ပြည့်ရုန်းကန်နေရတဲ့ ကစားသမားဖြစ်ပြီး အမ်ဘာပေကတော့ ပီအက်စ်ဂျီနဲ့အတူ အကောင်းဆုံးတောက်ပနေပါတယ်။

ဒါပေမယ့်လည်း နာဘရီကတော့ “ဒမ်ဘီလီက အမ်ဘာပေထက် အများကြီး ပိုကောင်းပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒါကို ဘိုင်ယန်မြူးနစ် အသင်းဖော် သောမတ်စ်မူလာက “မင်း ဘာပြောလိုက်တာလဲ? ပိုကောင်းတယ် ဟုတ်လား? ငါသာ ဒမ်ဘီလီလို ဘောလုံးဆွဲပြေးတတ်ရင် ငါက ပိုကောင်းတာပေါ့ကွာ” လို့ ထပ်မံပြောကြားခဲ့သေးတာပါ။

နောက်ထပ် အသင်းဖော် ကင်မစ်ချ်ကလည်း ဒီဆွေးနွေးမှုအပေါ်မှာ “ဒမ်ဘီလီလား၊ နာဘရီလား ဒါမှမဟုတ် ကိုးမန်းလား ရွေးခိုင်းရင်တော့ ကျွန်တော်က နာဘရီ ဒါမှမဟုတ် ကိုးမန်းပါပဲ။ အဲ့ဒီ ဒမ်ဘီလီက သောက်တလွဲပါဗျာ” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

ဒမ်ဘီလီရော၊ အမ်ဘာပေရော နှစ်ယောက်လုံးက ပြင်သစ်အသင်းဖော်တွေဖြစ်ကြပြီး ဘယ်လိုပဲဖြစ်ဖြစ် ဒီဆွေးနွေးမှုတွေက ဟာသတစ်ခုထက်တော့ မပိုဘူးလို့ ဆိုရမှာဖြစ်ပါတယ်။