ဖာဂူဆန်တင်မဟုတ် ထိုးမယ်၊ ကြိတ်မယ်ဆိုတဲ့ မက်ဂရီဂေါ်ကပါ ဆိုးလ်ရှားကို ကာကွယ်ပေး

ယူအက်ဖ်စီ အကျော်အမော် ကြယ်ပွင့် မက်ဂရီဂေါ်ကတော့ ယူနိုက်တက် လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေဆိုးတွေအတွက် နည်းပြ ဆိုးလ်ရှားဘက်က ကာကွယ်ပြောကြားပေးခဲ့ပါတယ်။

လီဗာပူးကို အိမ်ကွင်းမှာ (၅) ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဆိုးလ်ရှားရဲ့ အနာဂတ်က မသေချာတော့ဘဲ စပါးနဲ့ပွဲမှာ ထပ်ရှုံးခဲ့ရင် ဒါမှမဟုတ် စပါး၊ အတ္တလန်တာ၊ မန်စီးတီးတို့နဲ့ပွဲတွေမှာ ရလဒ်ဆိုးရွားခဲ့ရင် အထုတ်ခံရမယ်လို့ သတင်းထွက်နေတာပါ။

ယူနိုက်တက် ဂန္တဝင်ဟောင်း ဖာဂူဆန်က မနေ့က အသင်းလေ့ကျင့်ရေးကွင်း ကာရင်တန်ကို ရောက်ရှိလာခဲ့ပြီး ဆိုးလ်ရှားဘက်က ရပ်တည်ကာ ကစားသမားတွေကို စည်းရုံးရေးဆင်းခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယူနိုက်တက်ရဲ့ အကြီးစား ပရိသတ်တစ်ယောက်ဖြစ်တဲ့ မက်ဂရီဂေါ်ကလည်း ဆိုးလ်ရှားဘက်က ရပ်တည်ပေးခဲ့တာပါ။

တွ်စ်တာပေါ်မှာ မက်ဂရီဂေါ်က “ယူနိုက်တက်မှာ ဖြစ်နေတဲ့ ပြဿနာက ငယ်ရွယ်တဲ့သူတွေ၊ အတွေ့အကြုံနုတဲ့သူတွေက စကားတွေ အများကြီး ပြောနေတာပါပဲ”

“သူတို့ အားလုံးရဲ့ အပေါ်မှာ တစ်ယောက်ရှိနေဖို့ လိုအပ်တာပါ။ ရော်နယ်ဒို ကစားနေတဲ့အချိန်ဆို ဆိုးလ်ရှားက နည်းပြခုံတန်းမှာ ရှိနေတာပဲလေ”

“ရွယ်တူတစ်ယောက်လောက်နဲ့တော့ ဒီကစားသမားတွေကို ထိန်းဖို့ မလုံလောက်ပါဘူး။ ဆိုးလ်ရှားကို ချစ်ခင်လေးစားပါတယ်။ ဒါပေမယ့် သူ့ရဲ့အခန်းကဏ္ဍကို ပိုမိုများပြားလာအောင် စီစဥ်သင့်ပါတယ်။ ဒါ ကျွန်တော့်အမြင်ပါ” လို့ ရေးသားသွားခဲ့တာပဲဖြစ်ပါတယ်။