ဆိုးလ်ရှားကို အခုချိန်ထိ မထုတ်ပယ်သေးတဲ့ အဓိကအကြောင်းရင်းထွက်ပေါ်လာ

ယူနိုက်တက် တာဝန်ရှိသူတွေဟာ ရလဒ်ဆိုးတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရတဲ့ နည်းပြ ဆိုးလ်ရှားကို နောက်ထပ်အခွင့်အရေးပေးဖို့ ပြင်ဆင်ထားပါတယ်။

ပရီးမီးယားလိဂ်နောက်ဆုံး (၄) ပွဲမှာ (၁) မှတ်သာရခဲ့ပြီး လက်စတာ၊ လီဗာပူးတို့ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့နောက် ဆိုးလ်ရှားအထုတ်ခံရတော့မယ်လို့ ပရိသတ်တွေက ယူဆခဲ့တာပါ။

ဒါပေမယ့် လက်တွေ့မှာတော့ ယူနိုက်တက်ဘုတ်အဖွဲ့အပါအဝင် အသင်းဂန္တဝင်နည်းပြဟောင်း ဖာဂူဆန်ကပါ ဆိုးလ်ရှားကို ထောက်ခံပေးထားဆဲဖြစ်ပါတယ်။ လာမယ့်စပါးနဲ့အဝေးကွင်းပွဲ၊ အတ္တလန်တာနဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲ၊ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲတွေကို ဆိုးလ်ရှား ကိုင်တွယ်ခွင့်ရဦးမှာပါ။

အခြားတစ်ဖက်မှာလည်း အဓိကပြဿနာတစ်ခုအနေနဲ့ ယူနိုက်တက်ဟာ လက်ရှိအချိန်မှာသာ ဆိုးလ်ရှားကို ထုတ်ခဲ့ရင် ပေါင် (၇.၅) သန်းအထိ လျော်ကြေးပေးရမှာဖြစ်ပြီး ဒီလျော်ကြေးကို မပေးချင်လို့ အခွင့်အရေးဆက်ပေးထားတာဖြစ်နိုင်ပါတယ်။

ယူနိုက်တက်ဟာ ဆိုးလ်ရှားကို တစ်နှစ်လုပ်ခ ပေါင် (၇) သန်းဝန်းကျင်ပေးထားတာဖြစ်ပြီး သူ့ကို ထုတ်ပယ်ခဲ့တယ်ဆိုရင် တစ်နှစ်လုပ်ခကို လျော်ကြေးအဖြစ် ပေးရမယ်လို့ The Sun သတင်းဌာနက ယုံကြည်ထားပါတယ်။

ဆိုးလ်ရှားဟာ ပရီးမီးယားလိဂ်ရဲ့ လစာအများဆုံးနည်းပြစာရင်းမှာ အဆင့် (၅) နေရာမှာရှိနေပြီး သူ့ရှေ့မှာတော့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ၊ လီဗာပူးနည်းပြ ကလော့ပ်၊ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာ၊ လိဒ်စ်နည်းပြ ဘီယဲယ်ဆာတို့ရှိနေပါတယ်။