မက်ဆီ၊ အမ်ဘာပေ၊ နေမာ (၃) ယောက်လုံးကို သေချာပေါက် ရပ်တန့်နိုင်မယ့်နည်းလမ်း

နိုက်စ်အသင်းခေါင်းဆောင် ဒန်တေက ပီအက်စ်ဂျီတိုက်စစ်ကစားသမား (၃) ယောက်ဖြစ်တဲ့ မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ကို ရပ်တန့်နိုင်မယ့်နည်းလမ်းအပေါ် ဟာသလုပ်ပြောကြားသွားခဲ့ပါတယ်။

အသက် (၃၈) နှစ်ရှိပြီဖြစ်တဲ့ ဒန်တေဟာ ပြီးခဲ့တဲ့ (၂၀၂၀)၊ နိုဝင်ဘာမှာ ဒူးအရွတ်စုတ်ပြဲ ဒဏ်ရာရရှိခဲ့ပြီးနောက် လက်ရှိရာသီမှာ ဒဏ်ရာက ပြန်လည်သက်သာလာခဲ့ပါတယ်။

ဒန်တေက လက်ရှိရာသီမှာ နိုက်စ်အတွက် ပွဲပေါင်း (၁၀) ပွဲကစားပေးထားပြီး ပီအက်စ်ဂျီရဲ့ နာမည်ကျော်တိုက်စစ်အတွဲနဲ့ ပတ်သက်လို့ အခုလိုပြောကြားလာခဲ့ပါတယ်။

ဒန်တေက “မက်ဆီ၊ နေမာ၊ အမ်ဘာပေ (၃) ယောက်ထဲက တစ်ယောက်ယောက်ကို မကစားခိုင်းတာ၊ ဒါမှမဟုတ် (၂) ယောက်လောက်ကို မကစားခိုင်းတာမျိုးပေါ့။ အဲ့ဒါဆို သူတို့ကို ရပ်တန့်လို့ရပြီလေ။ ဘာမှော်ပညာနဲ့မှလည်း ရပ်တန့်လို့ရမှာမဟုတ်ပါဘူး”

“ကျွန်တော့်စိတ်ထင် သူတို့အကုန်လုံးက စိတ်အားထက်သန်မှုနဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ပြသပြီးပါပြီ။ သူတို့ကို တစ်ယောက်ချင်း ထိန်းဖို့ ကြိုးစားနေမယ့်အစား အသင်းလိုက်ကစားဟန်ကို အာရုံစိုက်ပြီး ကျစ်ကျစ်လျစ်လျစ် ကစားဖို့ လိုအပ်ပါတယ်”

“ဒီလိုမျိုး (၃) ယောက်တွဲတိုက်စစ်အကြောင်းကိုပြောရင်တော့ သူတို့ရဲ့ အရည်အချင်း၊ စိတ်အားထက်သန်မှုနဲ့ ကိုယ်ရည်ကိုယ်သွေးတို့ကို မဖြစ်မနေထည့်ပြောရမှာပဲ” လို့ ပြောကြားခဲ့ပါတယ်။

ဒန်တေက ဒီလိုမျိုး ပြောခဲ့ပေမယ့် ဒီကစားသမား (၃) ယောက်ကြား ပြင်သစ်လိဂ်မှာ အတွဲမိဖို့ ရုန်းကန်နေရဆဲဖြစ်ပြီး မက်ဆီဆိုလည်း လက်ရှိအချိန်ထိ လိဂ်ဂိုးတစ်ဂိုးမှ မသွင်းယူနိုင်သေးပါဘူး။