ရော်နယ်ဒိုနဲ့မက်ဆီကို ကျော်ချင်လွန်းလို့ တစ်ရက်မှအနားမယူတော့တဲ့ ဆာလာ

လီဗာပူးတိုက်စစ်ကစားသမား ဆာလာဟာ ပွဲမရှိတဲ့နေ့တွေမှာတောင် တစ်ရက်မှ အနားမယူဘဲ ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေ၊ ကွင်းတွင်းလေ့ကျင့်ခန်းတွေကို ပြုလုပ်နေတယ်လို့ အသင်းဖော် ဂိုးသမား အက်ဒရီယန်ကဆိုပါတယ်။

ဆာလာဟာ လီဗာပူးအတွက် ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး (၁၅) ဂိုးအထိ သွင်းယူထားပြီး နောက်ဆုံးကစားထားတဲ့ ယူနိုက်တက်နဲ့ အဝေးကွင်းပွဲမှာလည်း ဟက်ထရစ်သွင်း (၁) ဂိုးဖန်တီးနိုင်ခဲ့သေးတာပါ။

ဆာလာရဲ့ ခြေစွမ်းက လက်ရှိပရီးမီးယားလိဂ်အတွက်သာမက ကမ္ဘာပေါ်မှာပါ အကောင်းဆုံးဖြစ်နေပြီလို့ ချီးကျူးနေကြပြီး ဒီအပေါ်မှာ အက်ဒရီယန်ကလည်း အခုလို ထောက်ခံပေးလာပါတယ်။ အက်ဒရီယန်က “ရော်နယ်ဒို၊ မက်ဆီတို့ရဲ့ တစ်နေ့တာ အချိန်ဇယားကို ကျွန်တော် မသိပေမယ့် ဆာလာရဲ့ အချိန်ဇယားကိုတော့ ကျွန်တော်သိပါတယ်”

“သူက တကယ်ကို အလုပ်ကြိုးစားပြီး တစ်ရက်မှအားလပ်ရက်မရှိပါဘူး။ လေ့ကျင့်ခန်းဆင်းရင်ဆင်း ဒါမှမဟုတ် ကြံ့ခိုင်မှုပြည့်အောင် လုပ်ရင် လုပ်နေတာပါပဲ။ ပွဲကန်ပြီး နာရီအနည်းငယ်အကြာမှာတင် သူက ကြံ့ခိုင်မှု ပြန်ပြည့်အောင် လုပ်နေပြီး နောက်ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ”

“သူ့ရဲ့ လေ့ကျင့်ပုံက မယုံကြည်နိုင်စရာပါပဲ။ လတ်တလောမှာ သူအကောင်းဆုံးပုံစံရနေတာ ကံကောင်းလို့မဟုတ်ပါဘူး။ သူ့အတွက် ကျွန်တော်တို့ အားလုံး ပျော်ရွှင်နေကြပါတယ်။ အဝတ်လဲခန်းထဲမှာ နှိမ့်ချမှုအရှိဆုံး ကစားသမားတွေထဲကတစ်ယောက်ပါ”

“ဒါပေမယ့် သူ့ရဲ့ အလုပ်လုပ်ပုံကတော့ တကယ့်ကို ငရဲခန်းတစ်ခုလိုပါပဲ။ ကျွန်တော့်အတွက်တော့ ဆာလာက ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ယောက်ဆိုတာ သေချာပါတယ်” လို့ ချီးကျူးပြောကြားသွားခဲ့ပါတယ်။

ဆာလာဟာ ဘလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ဖို့ ပစ်မှတ်ထားနေပြီး ဒီခြေစွမ်းကိုသာ ဆက်လက်ထိန်းသိမ်းသွားမယ်ဆိုရင် လာမယ့် (၂၀၂၂) ဘလွန်းဒီအော်ဆုကို သေချာပေါက် ဆွတ်ခူးနိုင်ပါလိမ့်မယ်။