ပေါ့ဘာကို နောက်တစ်ခါ အလကားထပ်ပေးဖို့ ပြင်ဆင်ထားပြီးဖြစ်တဲ့ ယူနိုက်တက်

ယူနိုက်တက်ဟာ သူတို့ရဲ့ နာမည်ကျော်ကွင်းလယ်လူ ပေါ့ဘာကို လာမယ့် နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ခံမယ်လို့ သိရှိရပါတယ်။

ကစားသမားနဲ့ အသင်းအကြား စာချုပ်သက်တမ်းက နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာခဲ့ပြီး ခရစ္စမတ်မတိုင်ခင် စာချုပ်သစ်ချုပ်ဖို့ ယူနိုက်တက်တို့ ပြင်ဆင်ထားတာပါ။

ဒါပေမယ့်လည်း လက်ရှိအနေအထားအရ အသင်းဘက်က ဘယ်လို ကမ်းလှမ်းမှုမျိုးကိုမဆို ပေါ့ဘာက ငြင်းဆန်ပယ်ချသွားမယ်လို့ ယုံကြည်နေပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ခံရတော့မှာဖြစ်ပါတယ်။

ပေါ့ဘာဟာ ယူနိုက်တက်နဲ့နည်းပြဆိုးလ်ရှားတို့ရဲ့ လက်ရှိအခြေအနေကို စိတ်ပျက်နေပြီး သူ့ရဲ့ကစားသမားဘဝအတွက် နောက်ဆုံး ကာလရှည်စာချုပ်ကို ယူနိုက်တက်နဲ့ ချုပ်ဆိုဖို့ ဆန္ဒမရှိတော့ဘူးလို့ ယုံကြည်ရပါတယ်။

အသက် (၂၈) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ့ဘာဟာ နည်းပြဆိုးလ်ရှားနဲ့ အဆင်မပြေဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ပယ်ချခဲ့ပေမယ့် တစ်ချိန်တည်းမှာပဲ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့လည်း ဆန္ဒမရှိတော့တာပါ။

ပေါ့ဘာဟာ ယူနိုက်တက် အကယ်ဒမီထွက်တစ်ယောက်ဖြစ်ပြီး ဖာဂူဆန်လက်ထက်တုန်းက ဒီကစားသမားကို ဂျူဗင်တပ်စ်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ခဲ့ရပါသေးတယ်။ (၂၀၁၆) မှာ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၈၉) သန်းနဲ့ ဂျူဗင်တပ်စ်ဆီက ပြန်လည်ခေါ်ယူခဲ့တာပါ။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ ယူနိုက်တက်တို့ ပေါ့ဘာကို နောက်တစ်ကြိမ် အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရတော့မှာဖြစ်ပြီး ပေါ့ဘာအပြင် အခြားသောကွင်းလယ်လူဖြစ်တဲ့ ဗန်ဒီဘိခ်ကိုလည်း လာမယ့် ဆောင်းရာသီမှာတင် သေချာပေါက် လက်လွှတ်ခံရဖို့ရှိနေပါတယ်။