ဆိုးလ်ရှားကြောင့် သောကရောက်နေတဲ့ ယူနိုက်တက်ဖန်တွေကို မော်ရင်ဟိုတစ်ကွက်ပြ

ရိုးမားနည်းပြ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက ကယ်ဂလီယာရီကို ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ စီးရီးအေ အဝေးကွင်းပွဲကို ဝင်ရောက်ကြီးကြပ်ခွင့်မရရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ တနင်္ဂနွေက ကစားခဲ့တဲ့ နာပိုလီနဲ့ ဂိုးမရှိသရေပွဲမှာ မော်ရင်ဟိုတစ်ယောက် နှစ်ဝါတစ်နီနဲ့ ကွင်းထဲက ထုတ်ပယ်ခံရတာကြောင့် ကယ်ဂလီယာရီနဲ့ပွဲကို ပွဲပယ်ခံရတဲ့အပြင် အဝတ်လဲခန်းအတွင်း ကြီးကြပ်ခွင့်ကိုပါ ဆုံးရှုံးခဲ့ရတာပါ။

မော်ရင်ဟိုရဲ့ ရိုးမားက ကယ်ဂလီယာရီရဲ့ ဦးဆောင်မှုကိုခံခဲ့ရပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်လည်သွင်းယူနိုင်ခဲ့ပြီး အဝေးကွင်းနိုင်ပွဲရရှိခဲ့ပါတယ်။

အဲ့ဒီပွဲအပြီး ကယ်ဂလီယာရီ ကွင်းအပြင်ဘက် လှေကားထစ်နားမှာတင် မော်ရင်ဟိုတစ်ယောက် ညစာထိုင်စားခဲ့ရပြီး ဒီပုံရိပ်ကို သူ့ရဲ့အင်စတာဂရမ်ကတစ်ဆင့် ပရိသတ်တွေကို မျှဝေခဲ့တာပါ။

မော်ရင်ဟိုက “ပွဲပြီးသွားပါပြီ။ နောက်ထပ် (၃) မှတ်ရလိုက်ပါတယ်။ ညစာလည်း စားလို့ကောင်းပါတယ်” လို့ ရေးသားထားပါသေးတယ်။ မော်ရင်ဟိုရဲ့ ဆိုရှယ်မီဒီယာက ဒီနောက်ပိုင်းမှာ တော်တော်လေး အလုပ်လာတယ်လို့ဆိုရမှာပါ။

ပြီးခဲ့တဲ့ နာပိုလီနဲ့ပွဲမှာ မော်ရင်ဟို အထုတ်ခံရပြီးနောက် ပွဲကြည့်စင်ပေါ်ကနေ သူ့အသင်းကို မရမက ညွှန်ကြားပေးနေခဲ့ပြီး ဒီဗီဒီယိုဖိုင်ကိုလည်း သူ့ရဲ့ အင်စတာဂရမ်ကတစ်ဆင့်ပဲ ပရိသတ်တွေကို မျှဝေခဲ့သေးတာ ဖြစ်ပါတယ်။

ရိုးမားပရိသတ်တွေကတော့ မော်ရင်ဟိုရဲ့လုပ်ရပ်ကို သဘောကျနေပြီး သူ့အသင်းဟောင်း ယူနိုက်တက်ပရိသတ်တွေအတွက်တော့ ဆိုးလ်ရှားကြောင့် စိတ်ညစ်နေရချိန်မှာ မော်ရင်ဟိုကို အခုလိုမြင်တွေ့ခဲ့ရပြန်တာလည်းဖြစ်ပါတယ်။