ပြုတ်ခါနီးဆို ထထနိုင်တတ်တဲ့ ဆိုးလ်ရှားကြောင့် လန့်နေတဲ့ စပါးကစားသမားများ

စပါး တိုက်စစ်ကစားသမား လူးကပ်စ်မော်ရာက လာမယ့် စနေညမှာ ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့်ပွဲက အန္တရာယ်များတယ်လို့ အသင်းဖော်တွေကို သတိပေးပြောကြားလိုက်ပါတယ်။

စပါးနဲ့ယူနိုက်တက်တို့ လာမယ့် စနေည (၁၁) နာရီ၊ စပါးအိမ်ကွင်းမှာ ရင်ဆိုင်ကြမှာဖြစ်ပြီး ယူနိုက်တက်အတွက် မဖြစ်မနေ နိုင်ပွဲလိုအပ်နေတဲ့ပွဲပါ။

ဒါ့အပြင် စပါးနည်းပြ နူနိုဆန်တိုကလည်း ဒီပွဲသာရှုံးနိမ့်ခဲ့ရင် ရာထူးကထုတ်ပယ်ခံနိုင်ခြေရှိလာပြီး ပရိသတ်တွေကတော့ ရှုံးတဲ့နည်းပြ အလုပ်ပြုတ်မယ့် “El Sackico” အဖြစ် တင်စားခေါ်ဝေါ်နေကြပါတယ်။

ယူနိုက်တက်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၂) ပွဲဆက်တိုက် လက်စတာ၊ လီဗာပူးတို့ကို အဝေးကွင်းမှာ ဂိုးပြတ်တွေချည်းရှုံးနိမ့်ခဲ့တာပါ။ အဲ့ဒါကြောင့် စပါးနဲ့ပွဲက ယူနိုက်တက်နည်းပြ ဆိုးလ်ရှားအတွက်က အခွင့်အရေးပေးခံရထားရတဲ့ နောက်ဆုံးပွဲဖြစ်လာနိုင်ပါတယ်။

ဒီပွဲနဲ့ပတ်သက်လို့ လူးကပ်စ်မော်ရာက “ယူနိုက်တက်နဲ့ ရင်ဆိုင်ရတာက အမြဲတမ်း အန္တရာယ်များပါတယ်။ သူတို့က နိုင်ပွဲကို ဆာလောင်နေမှာပါ။ ဘာလို့လဲဆိုတော့ လီဗာပူးနဲ့ပွဲကြောင့်ပါ။ ကျွန်တော်တို့ကလည်း ဝက်စ်ဟမ်းကို ရှုံးထားတော့ ဒီပွဲကို နိုင်ချင်ပါတယ်”

“ယူနိုက်တက်မှာ အရမ်းကောင်းတဲ့ ကစားသမားတွေရှိတယ်၊ အတွေ့အကြုံကောင်းတယ်၊ ဆိုးရွားတဲ့ အခိုက်အတန့်ကို ဘယ်လို ကျော်ဖြတ်ရမလဲ သိကြပါတယ်။ ဒါပေမယ့် သူတို့ ဘယ်လိုအခြေအနေရှိရှိ ကျွန်တော်တို့ ကိစ္စတော့ မဟုတ်ပါဘူး”

“ကိုယ့်ရဲ့အကောင်းဆုံးပုံစံကို ပြသနိုင်ဖို့ လိုအပ်ပြီး (၃) မှတ်ရဖို့ ကြိုးစားရမှာပါ” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။