ဖွတ်ကျားလို့ လာခေါ်လည်း ဂရုမစိုက်အားဘူးလို့ တုံ့ပြန်လိုက်တဲ့ ရော်နယ်ဒို

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက သူတို့ရဲ့ ရလဒ်ဆိုးတွေကြောင့် ဖွတ်ကျားလို့ အခေါ်ခံရတဲ့အပေါ် ဂရုစိုက်စရာအကြောင်းမရှိဘူးလို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ဟာ မနေ့က စပါးနဲ့အဝေးကွင်းပွဲမှာ ရော်နယ်ဒို၊ ကာဗာနီ၊ ရပ်ရှ်ဖို့ဒ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ (၃) ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်နောက်ဆုံး (၅) ပွဲမှာ ပထမဆုံးနိုင်ပွဲ ရရှိခဲ့ပါတယ်။

ရော်နယ်ဒိုကလည်း စပါးနဲ့ပွဲမှာ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးခဲ့ပြီးနောက် အဲ့ဒီပွဲအပြီးမှာ “ဝေဖန်မှုတွေက အမြဲတမ်းရှိနေပါတယ်။ ကျွန်တော့်အတွက်တော့ သူတို့ ပြောတာတွေကို ဂရုမစိုက်အားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ဘောလုံးကစားလာတာ (၁၈) နှစ်ကြာပါပြီ”

“တစ်နေ့နေ့ကျရင် လူတွေက ခင်ဗျားကို ပြီးပြည့်စုံတဲ့လူတစ်ယောက်လို့ ပြောရင်ပြောမယ်၊ နောက်တစ်နေ့ကျ ဖွတ်ကျားလို့ ပြောချင်ပြောမှာပဲ။ ကျွန်တော် ဒါကိုသိထားပြီး ဒီလိုမျိုးအရာတွေနဲ့ အသားကျနေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် လူတွေက ခင်ဗျားကို ဂုဏ်ပြုနေတဲ့အချိန်နဲ့ ခင်ဗျားနဲ့အတူပျော်ရွှင်နေရင် ပိုကောင်းတာပေါ့”

“တစ်ခါတလေ ဘဝက ဒီလိုပါပဲ။ ခက်ခဲတဲ့ အခိုက်အတန့်တွေကို ကျော်ဖြတ်ရမှာပေါ့။ တစ်ခါတလေတော့ အသင်းက တော်တော်လေး ဖိအားအောက်ရောက်နေပြီး ဝမ်းနည်းစရာပါ။ ဒါပေမယ့် ဒီနေ့မှာ ကျွန်တော်တို့ အဖြေကောင်းတစ်ခုကို ရှာဖွေနိုင်ခဲ့ပါတယ်။ ကောင်းကောင်းကစားခဲ့တယ်၊ ပွဲကိုလည်း ကောင်းကောင်းစတင်နိုင်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။