မစ္စတာဘင်းလို ကားမျိုးနဲ့ အရွဲ့တိုက်ပြီး လေ့ကျင့်ရေးကွင်းကို ရောက်လာတဲ့ ဗီဒယ်လ်

အင်တာမီလန် ကစားသမား ဗီဒယ်လ်က တော်တော်လေးရှေးကျတယ်လို့ဆိုနိုင်တဲ့ ကားကို မောင်းနှင်ပြီး အင်တာမီလန်လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာတဲ့ ဗီဒီယိုက ပရိသတ်တွေအကြား ရေပန်းစားနေပါတယ်။

ဗီဒယ်လ်ဟာ အရင်တုန်းက ဇိမ်ခံကားတွေ မရိုးရအောင် တစ်စီးပြီး တစ်စီးနဲ့ ရောက်ရှိလာတာကြောင့် ပြင်ပဘဝ ကျော်ကြားမှုကို အာရုံစိုက်လွန်းတယ်လို့ ဝေဖန်ခံနေရတာပါ။

အဲ့ဒါကြောင့်လည်း ဗီဒယ်လ်ကတော့ ဒီတစ်ခါမှာ အခုလိုမျိုး ရှေးဆန်တဲ့ ကားသေးသေးလေးကိုမှ ရွေးချယ်စီးနင်းလာခဲ့တာဖြစ်ပါတယ်။

အသက် (၃၄) နှစ်ရှိပြီဖြစ်တဲ့ ဗီဒယ်လ်ဟာ FIAT Panda ကားလေးကို မောင်းနှင်လာတဲ့ ဗီဒီယိုနဲ့အတူ “လေ့ကျင့်ရေးကွင်းကို လာရတာ ပျော်စရာပါပဲ။ ဘဝက ခင်ဗျားအတွက် ဖြစ်နိုင်ခြေတွေ အများကြီး ပေးထားပြီးသားပါ”

” ဒါပေမယ့် ကျွန်တော်ကတော့ ဒီလိုမျိုး သေးငယ်တဲ့အရာတွေနဲ့ ပျော်ရွှင်နေပါတယ်” လို့လည်း ရေးသားခဲ့ပါတယ်။

ဗီဒယ်လ်ဟာ ပြီးခဲ့တဲ့ (၂၀၂၀) မှာ အင်တာမီလန်ကို ရောက်ရှိလာခဲ့ပြီး လက်ရှိအချိန်ထိ လိဂ်ပွဲ (၂၇) သာ ကစားရပါသေးတယ်။

အင်တာမီလန်ဟာ ဒီရာသီ စီးရီးအေမှာ ရမှတ် (၂၁) မှတ်၊ အမှတ်ပေးဇယားရဲ့ အဆင့် (၃) နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက နာပိုလီနဲ့ (၇) မှတ်ကွာဟနေတဲ့ အသင်းဖြစ်ပါတယ်။