ဘရိုက်တန်နဲ့ပွဲမှာ ကလော့ပ်နဲ့ဗန်ဒိုက်ချ်တို့ အကြီးအကျယ်ပြဿနာတက်ခဲ့ရတဲ့အကြောင်းရင်း

မနေ့ညက ကစားခဲ့တဲ့ လီဗာပူးနဲ့ဘရိုက်တန်တို့ပွဲမှာ လီဗာပူးက ဟန်ဒါဆန်၊ မာနေးတို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုးနှစ်ဂိုးပြန်ပေးပြီး အမှတ်လျော့ခဲ့ရပါတယ်။

ဒီသရေပွဲကြောင့် လီဗာပူးတို့ အမှတ်ပေးဇယားထိပ်ဆုံးက ချဲလ်ဆီးနဲ့ (၃) မှတ်ကွာဟသွားခဲ့ပြီး ပွဲချိန်အတွင်းမှာလည်း ကလော့ပ်က နောက်ခံလူ ဗန်ဒိုက်ချ်ကို ဒေါသတကြီးနဲ့ အော်ဟစ်ဆူပူခဲ့သေးတာပါ။

ဘရိုက်တန်က လက်ရှိရာသီမှာ ပုံစံကောင်းပြနေတဲ့ အသင်းတစ်သင်းဖြစ်ပြီး ရလဒ်ပိုင်းမကောင်းသည့်တိုင် သူတို့ရဲ့ကစားပုံကြောင့် ဒီပွဲမတိုင်ခင်မှာ ကလော့ပ်က ချီးကျူးခဲ့ရပါသေးတယ်။ ဗန်ဒိုက်ချ်နဲ့ ဖြစ်ပွားခဲ့တဲ့ကိစ္စအပေါ်မှာလည်း ကလော့ပ်က အခုလိုမျိုး ပြောကြားခဲ့ပါတယ်။

ကလော့ပ်က “ခင်ဗျားတို့ အကုန်လုံးမသိနိုင်ပါဘူး။ ကျွန်တော်တို့ကြားမှာ ဒီလိုမျိုး ပြောစရာကိစ္စတွေ အကြိမ်ပေါင်းများစွာရှိပါတယ်။ ဒီတော့ ဘယ်တစ်ခုအတွက်မှ ဖြေရှင်းချက်ပေးနေမှာ မဟုတ်ပါဘူး”

“ခင်ဗျားလည်း ဒီကိစ္စအတွက် ဘာပုံပြင်မှ လုပ်လို့ရမှာမဟုတ်ပါဘူး။ ပြိုင်ဘက်အတွက် Half Space တွေ အများကြီး ပေးခဲ့ရတာကို ကျွန်တော်တို့ မကာကွယ်နိုင်ခဲ့ပါဘူး။ ဒါ ပြဿနာပါ။ ဘောလုံးကိုင်ထားပြီး ဖိအားမရှိတဲ့အချိန်မှာ နောက်ဆုံးခံစစ်တန်းကို ရှေ့မတိုးနိုင်ခဲ့ပါဘူး”

“ဒီတော့ ဘောလုံးဆုံးသွားတဲ့အခါမှာ ကျွန်တော်တို့ ချက်ချင်းပြန်ဖိအားပေးခံရပါတယ်။ ဘယ်အချိန်မှာ ဘာလုပ်ရမလဲဆိုတာကို ကျွန်တော်တို့ဆီမှာ ရှင်းလင်းပြတ်သားတဲ့စည်းမျဥ်းရှိပြီးသားပါ။ အဲ့ဒါက မလွယ်ကူပါဘူး”

“ဘရိုက်တန်က မာ့ချ်က သူတို့အတွက် ရှေ့အရောက်ဆုံးကစားသမားပါ။ ဒါပေမယ့် ဗန်ဒိုက်ချ်က သူနဲ့ အရမ်းအလှမ်းဝေးလွန်းနေပါတယ်။ အဲ့ဒီအချိန်မှာ ဖြစ်ပွားခဲ့တဲ့အကြောင်းရင်းက အဲ့ဒါပါပဲ။ ဒါပေမယ့် ဒီအရာက နည်းပြနဲ့ ကစားသမားအကြား သာမန်ပြောဆိုမှုပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။