မန်ယူမှာ ဆန်ချိုက ဆန်းချက်ဇ်လိုတော့မဖြစ်နိုင်ဘူး၊ ဒါပေမယ့် ဗန်ဒီဘိခ်လိုဖြစ်သွားနိုင်တယ်…

ယူနိုက်တက် ဂန္တဝင်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က အသင်းမှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတဲ့ ဆန်ချိုအနေနဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်လမ်းစဥ်နောက်လိုက်သွားနိုင်တယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။

ဆန်ချိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဒေါ့မွန်ကနေ ပြောင်းရွှေ့ကြေး ပေါင် (၇၃) သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ဂိုးသွင်းယူနိုင်ခြင်းမရှိသလို၊ ဂိုးဖန်တီးမှုလည်း ပြုလုပ်ထားနိုင်ခြင်းမရှိပါဘူး။

လီဗာပူး၊ စပါးတို့နဲ့ပွဲတွေမှာ ဆန်ချိုက ပွဲထွက်ကစားခွင့်ဆုံးရှုံးခဲ့ရတဲ့နောက် ဒီကစားသမားအနေနဲ့ ဗန်ဒီဘိခ်လို ဖြစ်သွားနိုင်တယ်လို့ ဂယ်ရီနဗီးလ်ကဆိုလာပါတယ်။ နဗီးလ်က “ဗန်ဒီဘိခ်အကြောင်းကိုပဲ ကျွန်တော် စဥ်းစားနေမိပါတယ်”

“ဘယ်သူက ဗန်ဒီဘိခ်ကို ခေါ်ခဲ့တာလဲ? အရံခုံမှာပဲ ထိုင်နေရတဲ့ သူ့ကိုခေါ်ဖို့ ပြောင်းရွှေ့ကြေးပေါင်သန်း (၄၀) ကို ဘယ်သူထုတ်ပေးလိုက်တာလဲ? သူ ဘောလုံး ကောင်းကောင်းမကန်ရတာ (၁၈) လနီးပါးလောက်ရှိပါပြီ။ ဆန်ချိုလည်း ဂရုမစိုက်ရင် ဗန်ဒီဘိခ်လို အတိအကျဖြစ်လာပါလိမ့်မယ်”

“သူက ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ အရမ်းကောင်းတဲ့ပုံစံမျိုး မပြနိုင်ပါဘူး။ ကျွန်တော် ပြောချင်တာ အသင်းလိုက်ပုံစံမျိုးပါ။ သူက ဒေါ့မွန်နဲ့ လုံးဝကို ပုံစံကွဲပြားတဲ့ အသင်းကို ရောက်နေတာပါ။ သူကိုယ်တိုင်လည်း ငါဒီမှာ ဘာလာလုပ်တာလဲ စဥ်းစားနေလောက်ပါပြီ”

“ယူနိုက်တက်ရဲ့ တိုက်စစ်ကစားသမားတွေထဲမှာ ခံစစ်စွမ်းဆောင်ရည်ကောင်းတာ သူတစ်ယောက်ပဲရှိပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း အသင်း (၄) သင်းက တိုက်စစ်ကစားသမားတွေကို ယှဥ်လိုက်ရင် ဆန်ချိုက ထိပ်ဆုံး (၁၀) ယောက်စာရင်းတော့ ဝင်ဦးမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။