ငါပြောရင် ငါပဲခံရဦးမှာဆိုပြီး မီဒီယာတွေနဲ့ မတွေ့ဘဲရှောင်သွားတဲ့ မော်ရင်ဟို

အေစီမီလန်ကို အိမ်ကွင်းမှာ ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ရိုးမားနည်းပြ မော်ရင်ဟိုက ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ မီဒီယာနဲ့မတွေ့ဘဲ ရှောင်လွှဲသွားခဲ့တယ်လို့ သိရပါတယ်။ ဒီရှုံးပွဲဟာ မော်ရင်ဟိုအတွက် ရိုးမားနည်းပြ နှစ်နှစ်ခွဲတာကာလအတွင်း ပထမဆုံး အိမ်ကွင်းရှုံးပွဲပါ။

ပွဲချိန်တွင်းမှာလည်း မော်ရင်ဟိုက ဒီပွဲကိုကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီး ဖေဘီယိုမာရက်စ်ကာရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ကျေနပ်ခြင်းမရှိဘဲ သတင်းစာရှင်းလင်းပွဲမှာ ဒီအကြောင်းတွေ ထပ်ပြောမိမှာစိုးလို့ ရှောင်လွှဲသွားခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ပြီးခဲ့တဲ့အပတ်က နာပိုလီနဲ့ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံရပြီး ကြားရက်မှာ ကစားခဲ့တဲ့ ကယ်ဂလီယာရီနဲ့ပွဲကို ကွင်းအတွင်း ဝင်ရောက်ကြီးကြပ်ခွင့်မရရှိခဲ့ပါဘူး။ အခုချိန်မှာလည်း မော်ရင်ဟိုက “အေစီမီလန်ကို ချီးကျူးပါတယ်”

“ဒါပေမယ့် ကျွန်တော် အခြား ဘာမှထပ်မပြောလိုပါဘူး။ ဘာလို့လဲဆိုတော့ ထပ်ပြောလိုက်ရင် နောက်တစ်ပတ်ကျ ကျွန်တော် ကွင်းထဲဝင်ကြီးကြပ်ခွင့်ရတော့မှာ မဟုတ်ပါဘူး။ ရိုးမားပရိသတ်တွေအပေါ် လေးစားမှုမရှိတာနဲ့ပတ်သက်လို့ ကျွန်တော် ဒေါသထွက်နေပါတယ်”

“ကျွန်တော်တို့ ပုံစံကောင်းမပြနိုင်ခဲ့ပေမယ့် ကွင်းထဲမှာ အရာအားလုံးကို လုပ်ပြခဲ့ပါတယ်။ ဒီလိုလေးစားမှုမျိုး ကျွန်တော်တို့ဆီမှာရှိပေမယ့် တချို့ဆီမှာမရှိပါဘူး။ ဒါက ကျွန်တော့်ကို ဒေါသထွက်စေပါတယ်။ ဒါပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

ရိုးမားဟာ ဒီရှုံးပွဲကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက နာပိုလီ၊ အေစီမီလန်တို့နဲ့ (၁၂) မှတ်ကွာဟသွားခဲ့ပြီး အဆင့် (၄) နေရာမှာ ရပ်တည်နေခဲ့ပါတယ်။