တလွဲတွေထထလုပ်တဲ့ VAR ကို အကြီးအကျယ်ဖျက်စီးပစ်ခဲ့တဲ့ ဂရီမီယိုပရိသတ်များ

ဘရာဇီးကလပ် ဂရီမီယိုရဲ့ ပရိသတ်တွေဟာ ပါလ်မီးရပ်စ်ကို အိမ်ကွင်းမှာ ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် အကြီးအကျယ် ဒေါသပေါက်ကွဲခဲ့ပြီး VAR ကို ဖျက်စီးပစ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဂရီမီယိုမှာ ဘိုင်ယန်မြူးနစ်ကစားသမားဟောင်းတွေဖြစ်တဲ့ ဒေါက်ဂလပ်စ်ကော်စတာ၊ ရာဖင်ဟာတို့ ပါဝင်ကစားနေပြီး အသင်းက လိဂ်မှာ အဆင့် (၁၉) နေရာရောက်ရှိနေပါတယ်။

ပွဲကစားဖို့ (၁၁) ပွဲသာ ကျန်ရှိတာကြောင့် တန်းဆင်းရမယ့်အရေး စိုးရိမ်နေရတာပါ။

ဒီလိုအနေအထားမျိုးမှာ ပြိုင်ဘက်ကို ပင်နယ်တီနှစ်လုံးပေးခဲ့ရပြီး ရှုံးနိမ့်ခဲ့တာကြောင့် ဂရီမီယိုပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲခဲ့ကာ ကွင်းအတွင်းကို ကျူးကျော်ဝင်ရောက်လာပြီး VAR ကြည့်ရှုစစ်ဆေးတဲ့ မော်နီတာကို တွန်းလှဲဖျက်စီးကန်ကျောက်ခဲ့ကြပါတယ်။

အဓိကရုဏ်းနှိမ်နင်းရေးရဲတွေ ရောက်လာချိန်မှာတော့ ဒီပရိသတ်တွေဟာ သူတို့ဘာသူတို့ပဲ ပွဲကြည့်စင်ပေါ်ကို ပြန်တက်လာတယ်လို့ သိရပါတယ်။

ဂရီမီယိုဟာ ဒီရှုံးပွဲကြောင့် တန်းဆင်းဇုန်နဲ့လွတ်ကင်းမယ့်နေရာနဲ့ အမှတ် (၇) မှတ် ကွာဟသွားခဲ့တာပါ။

ပြီးခဲ့တဲ့ ဇူလိုင်တုန်းက ဒီအသင်းကို ဘရာဇီးနည်းပြဟောင်း စကိုလာရီ လာရောက်ကိုင်တွယ်ခဲ့ပေမယ့် ရလဒ်ဆိုးတွေကြောင့် အောက်တိုဘာမှာတင် နှစ်ဦးသဘောတူလမ်းခွဲခဲ့ကြပါတယ်။

ဂရီမီယိုဟာ လာမယ့်ကြာသပတေးမှာ အက်သလက်တီကိုမင်နဲရိုး၊ လာမယ့် စနေမှာ အင်တာနေစီယွန်နယ်တို့နဲ့ ဆက်တိုက်ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။