နှလုံးသားက အခုထိ ဘာစီလိုနာမှာ ကျန်ခဲ့တုန်းပဲလို့ PSG ကစားသမားဘဝနဲ့ ပြောလိုက်တဲ့ မက်ဆီ

PSG တိုက်စစ်ကစားသမား မက်ဆီဟာ အသင်းအတွက် တည်ငြိမ်တဲ့ ပုံစံကောင်းတစ်ခု ပြသဖို့ ရုန်းကန်နေရဆဲဖြစ်ပြီး ဘာစီလိုနာမှာသာ ကစားသမားဘဝကို အဆုံးသတ်လိုတယ်လို့ ပြောကြားလာပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလာပြီးနောက် မက်ဆီက PSG ကို ပြောင်းရွှေ့လာခဲ့တာပါ။ ချန်ပီယံလိဂ်မှာ PSG အတွက် (၃) ပွဲကစား၊ (၃) ဂိုးသွင်းထားပေမယ့် ပြင်သစ်လီဂူးမှာတော့ တစ်ဂိုးမှမသွင်းနိုင်သေးပါဘူး။

လက်ရှိအချိန်မှာလည်း အနာဂတ်အစီအစဥ်နဲ့ပတ်သက်လို့ မက်ဆီက “ကျွန်တော် အမြဲတမ်းပြောခဲ့သလိုပဲလေ။ ကျွန်တော် ဘာစီလိုနာကို ပြန်ပြီး ကူညီချင်ပါတယ်။ တစ်ချိန်ချိန်မှာ ကျွန်တော်က နည်းစနစ်ပိုင်းဆိုင်ရာ အတွင်းရေးမှူးဖြစ်ချင်ပြီး ဘာစီလိုနာမှာလား ဒါမှမဟုတ် အခြားမှာလားတော့ မသိပါဘူး”

“ဖြစ်နိုင်ရင်တော့ ကျွန်တော် ဘာစီလိုနာကိုပြန်သွားချင်ပါတယ်။ ဒီအသင်းက ကျွန်တော် ချစ်မြတ်နိုးရတဲ့အသင်းဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းပါ” လို့ ပြောကြားခဲ့ပါတယ်။ အသက် (၃၄) နှစ်အရွယ် မက်ဆီဟာ PSG နဲ့ (၂) နှစ်စာချုပ်ချုပ်ဆိုထားတာပါ။

သူ့အနေနဲ့ ကစားသမားဘဝကို ငယ်ဘဝအသင်းတစ်သင်းဖြစ်တဲ့ နယူးဝဲလ်အိုဘွိုင်းစ်မှာ အဆုံးသတ်ချင်တယ်လို့ ဆိုထားပြီး ဘာစီလိုနာကိုပဲ ပြန်ဖြစ်မလား၊ ဘာတွေဆက်ဖြစ်မလဲ စောင့်ကြည့်ရပါလိမ့်မယ်။