ရော်နယ်ဒိုက ပြေးလွှားနေစရာမလိုဘူး၊ မစော်ကားကြနဲ့လို့ ဝေဖန်သူတွေကို ဖာဒီနန် သတိပေး

ယူနိုက်တက်ဂန္တဝင်နောက်ခံလူဟောင်း ဖာဒီနန်က ရော်နယ်ဒိုအနေနဲ့ ပြေးလွှားကစားနေစရာ မလိုတာကြောင့် သူ့ကို ပျင်းရိတယ်လို့ မစော်ကားဖို့ သတိပေးလိုက်ပါတယ်။

ရော်နယ်ဒိုဟာ ယူနိုက်တက်ကို ပြန်ရောက်လာပြီးနောက်ပိုင်း ပြိုင်ပွဲစုံ သွင်းဂိုး (၇) ဂိုးသွင်းယူထားသူပါ။ ဒါပေမယ့် သူ့ရဲ့ ကစားပုံကြောင့် ဝေဖန်မှုတွေခံနေရပါတယ်။

ရော်နယ်ဒိုဟာ ပြိုင်ဘက်ကို လုံလုံလောက်လောက် ဖိအားလိုက်မပေးဘဲ ပျင်းစရာကောင်းအောင် ကစားနေတယ်လို့ အချို့ က ဝေဖန်နေကြတာပါ။ ဒီအပေါ်မှာတော့ ဖာဒီနန်က အခုလိုပဲ တုံ့ပြန်ခဲ့ပါတယ်။

ဖာဒီနန်က “တချို့တွေ ပြောနေတာ ကျွန်တော်ကြားပါတယ်။ ယူနိုက်တက်မအောင်မြင်တာ ရော်နယ်ဒိုကြောင့်လို့ ပြောရင် စော်ကားတာပါပဲ။ သူက အသင်းကို အလှည့်အပြောင်း လုပ်ပေးနိုင်သူပါ။ ကျွန်တော် ပြောတာနားထောင်၊ ခင်ဗျားတို့ ဒါမျိုးတွေပြောနေတာ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲနေသလိုပဲ”

“ပွဲချိန်အတွင်း သူစွမ်းဆောင်ခဲ့သမျှတွေက ဘယ်ခေတ်မှာမဆို စူပါစတားပါပဲ။ သူက ဖိအားလိုက်မပေးဘူး၊ ဘာလို့လဲဆိုတော့ ယူနိုက်တက်မှာ သူ ဒါလုပ်ဖို့ ရောက်နေတာမဟုတ်ဘူးလေ”

“ခင်ဗျားအသင်းမှာ ရော်နယ်ဒိုလို ကြယ်ပွင့်တစ်ယောက်ကို ခေါ်ထားတယ်ဆိုရင်တော့ တစ်ခါတလေကျရင် သူ့ရဲ့အားသာချက်ကို အသုံးချပြီး ကစားရမှာပဲလေ” လို့ သုံးသပ်ပြောကြားသွားခဲ့ပါတယ်။