ချဲလ်ဆီးကနေ ဆေးရုံ FC ဖြစ်နေလို့ တိုင်ပတ်ဖို့ရှိနေတဲ့ သောမတ်စ်တူချယ်လ်

ချဲလ်ဆီးနည်းပြ သောမတ်စ်တူချယ်လ်က ဒီနေ့ညမှာ မာလ်မိုနဲ့ ကစားမယ့် ချန်ပီယံလိဂ်အဝေးကွင်းပွဲကို မေဆင်မောင့်ဆက်လက်လွဲချော်မယ်လို့ အတည်ပြုလိုက်ပါတယ်။

မေဆင်မောင့်ဟာ ပြီးခဲ့တဲ့စနေညက ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲကိုလည်း လွဲချော်ခဲ့ပြီး သူ့အနေနဲ့ ဖျားနာနေတယ်လို့ သိရှိရပါတယ်။ ဒါပေမယ့် ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရတဲ့ ပူလီဆစ်ကတော့ မာလ်မိုနဲ့ပွဲအတွက် ကစားသမားစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့ပါတယ်။

ချဲလ်ဆီးတိုက်စစ်မှာ လူကာကူ၊ ဗာနာတို့ ဒဏ်ရာကြောင့် အနားယူနေရပြီး မေဆင်မောင့်လည်း မပါဝင်နိုင်တဲ့အနေအထားမှာ ပူလီဆစ် ခြေကျင်းဝတ်ဒဏ်ရာက ပြန်လည်သက်သာလာတာက သတင်းကောင်းပါ။

ဒီလိုမျိုး အခြေအနေတွေအပေါ်မှာ နည်းပြ တူချယ်လ်က “ကံဆိုးစွာနဲ့ပဲ ကစားသမားလေးယောက် လွဲပါမယ်။ တီမိုဗာနာ၊ လူကာကူ၊ ကိုဗာဆစ်နဲ့ မေဆင်မောင့်တို့ပါ။ မေဆင်ကတော့ အခုထိ မသက်သာသေးပါဘူး”

“သတင်းတွေထွက်နေသလို ကိုဗစ်တော့မဟုတ်ပါဘူး။ သူက ရိုးရိုးသာမန် ဖျားနာတာပါ။ ဒါပေမယ့် လေ့ကျင့်ခန်းဆင်းနိုင်လောက်အောင် မသက်သာသေးသလို အခု ဆွီဒင်ကို လိုက်လာဖို့လည်း အဆင်မပြေသေးပါဘူး”

“သတင်းကောင်းကတော့ ပူလီဆစ် ပြန်လာနိုင်ပါပြီ။ အသင်းလူစာရင်းမှာ သူပါဝင်လာမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ချဲလ်ဆီးဟာ လက်ရှိချန်ပီယံလိဂ်အုပ်စုမှာ အဆင့် (၂) နေရာက ရပ်တည်နေပြီး အုပ်စုထိပ်ဆုံးမှာ ဂျူဗင်တပ်စ်က ဦးဆောင်ထားတာဖြစ်ပါတယ်။