ချန်ပီယံလိဂ် ပွဲ (၁၀၀) ပြည့်မှာ ဟက်ထရစ်သွင်းပြပြီး ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဆိုတာ သက်သေပြလိုက်တဲ့ လီဝန်ဒေါစကီး

မနေ့ညက ဘင်ဖီကာကို ၅-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးကြီး လီဝန်ဒေါစကီးက ထုံးစံမပျက် ဂိုးသွင်းနိုင်ခဲ့ပြီး ဟက်ထရစ်ပါ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ဒီနိုင်ပွဲကြောင့် ချန်ပီယံလိဂ်အုပ်စုပွဲစဥ် (၄) ပွဲကစားပြီးချိန်မှာ (၄) ပွဲနိုင်နဲ့အတူ နောက်တစ်ဆင့်အတွက် သေချာသွားခဲ့ပါပြီ။

မနေ့က ဘင်ဖီကာနဲ့ပွဲဟာ လီဝန်ဒေါစကီးအတွက် ချန်ပီယံလိဂ် ပွဲ (၁၀၀) ပြည့်ဖြစ်ခဲ့ပြီး ဒီပွဲမှာပဲ လီဝန်ဒေါစကီးက ဟက်ထရစ်သွင်း ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ချန်ပီယံလိဂ်သွင်းဂိုးကလည်း (၈၁) ဂိုးအထိ ရှိလာခဲ့တာပါ။

ရော်နယ်ဒိုက ချန်ပီယံလိဂ်ပွဲပေါင်း (၁၈၀) မှာ (၁၃၉) ဂိုးသွင်း၊ မက်ဆီက ချန်ပီယံလိဂ် (၁၅၂) ပွဲမှာ (၁၂၃) ဂိုးသွင်းယူထားတာဖြစ်ပြီး ကစားတဲ့ပွဲအရေအတွက်နဲ့ သွင်းဂိုးကို အချိုးချလိုက်ရင်တော့ လီဝန်ဒေါစကီးရဲ့ စံချိန်က ဒီနှစ်ယောက်လုံးထက် ပိုကောင်းနေပါတယ်။

ချန်ပီယံလိဂ်သွင်းဂိုး (၈၀) ပြည့်ဖို့အတွက် လီဝန်ဒေါစကီးက ပွဲ (၁၀၀) သာ ကစားခဲ့ရပြီး မက်ဆီက (၁၀၂) ပွဲ၊ ရော်နယ်ဒိုက (၁၁၆) ပွဲ ကစားခဲ့ရတာပါ။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း လီဝန်ဒေါစကီးရဲ့ ဟက်ထရစ်က (၄) ကြိမ်အထိရှိလာပြီး သူ့ထက် ဟက်ထရစ်ပိုရထားတာဆိုလို့ မက်ဆီနဲ့ရော်နယ်ဒိုတို့ (၈) ကြိမ်စီရရှိထားတာပဲဖြစ်ပါတယ်။