ပိုချက်တီနို၊ မက်ဆီ၊ နေမာတို့အုပ်လိုက်ကြီး ပြဿနာလုပ်နေလို့ စိတ်ညစ်နေတဲ့ PSG အကြီးအကဲများ

ပီအက်စ်ဂျီတာဝန်ရှိသူတွေဟာ အသင်းမှာရှိတဲ့ နည်းပြနဲ့ ကစားသမားတွေက ပြင်သစ်ဘာသာစကားကို ပြောဆို အသုံးပြုခြင်းမရှိတဲ့အပေါ် စိတ်ကသိကအောက်ဖြစ်နေတယ်လို့ သိရှိရပါတယ်။

လက်ရှိပီအက်စ်ဂျီကို တောင်အမေရိကကစားသမားအများစုနဲ့ စုဖွဲ့ထားတာဖြစ်ပြီး နည်းပြကလည်း အာဂျင်တီးနားလူမျိုး ပိုချက်တီနိုပါ။ မက်ဆီ၊ နေမာ၊ ဒီမာရီယာ၊ မာကွင်ဟို့စ်၊ နာဗက်စ်တို့က အသင်းအတွက် မရှိမဖြစ်အရေးပါနေပြီး လက်ရှိအချိန်မှာတော့ သူတို့အားလုံးက ပြင်သစ်စကား မပြောဘဲ အင်္ဂလိပ်နဲ့စပိန်ဘာသာစကားကိုသာ ပြောဆိုနေကြပါတယ်။

ပိုချက်တီနိုရဲ့ နည်းပြအဖွဲ့ဝင်အချို့ကလည်း ပြင်သစ်စကားကို ကောင်းကောင်းနားလည်ပေမယ့် ပိုချက်တီနို ကိုယ်တိုင်က ကစားသမားတွေကို အင်္ဂလိပ်၊ စပိန်ဘာသာစကားနဲ့သာ ဆက်သွယ်နေပါတယ်။

ပီအက်စ်ဂျီက သူတို့အသင်းရဲ့အစဥ်အလာအဖြစ် နည်းပြနဲ့ကစားသမားတွေအကြား ပြင်သစ်ဘာသာစကားနဲ့သာ ပြောဆို ဆက်သွယ်ဖို့ နှစ်ရှည်လများ သတ်မှတ်ခဲ့ပေမယ့် အခုချိန်မှာတော့ ပြင်သစ်ကြယ်ပွင့် အမ်ဘာပေကပါ စပိန်နဲ့အင်္ဂလိပ်စကားကို ပြန်လည် သင်ယူနေရပါတယ်။

မက်ဆီ၊ နူနိုမန်ဒက်စ်တို့လို ကစားသမားသစ်တွေက ပြင်သစ်စကားနဲ့ပတ်သက်လို့ တစ်လုံးမှနားမလည်၊ မပြောဆိုနိုင်ကြဘဲ နေမာ၊ ဒီမာရီယာ၊ နာဗက်စ်တို့ကတော့ ပြင်သစ်စကားမပြောနိုင်ပေမယ့် သူများပြောတာကိုတော့ နားလည်နိုင်တယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့်လည်း ပီအက်စ်ဂျီဘက်က ဒီကိစ္စအပေါ် ကသိကအောက်ဖြစ်နေပေမယ့် အသင်းရဲ့ အဓိကအမာခံတွေက တောင်အမေရိကသားတွေဖြစ်တာကြောင့် ဒီကိစ္စအပေါ် ဖြေရှင်းစရာ နည်းလမ်းရှာဖွေနိုင်ဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။