လီဝန်သာ ဘလွန်းဒီအော်မရရင် သောက်တလွဲတွေဖြစ်နေပြီလို့ ပီတာခရော့ချ်အပြတ်ပြော

အင်္ဂလန်ကစားသမားဟောင်းကြီး ပီတာခရော့ချ်ကတော့ လက်ရှိ (၂၀၂၁) အတွက် ဘလွန်းဒီအော်ဆုကို ဘိုင်ယန်မြူးနစ်နဲ့ ပိုလန်တိုက်စစ်မှူးကြီး လီဝန်ဒေါစကီးရဖို့သာ ထိုက်တန်တယ်လို့ သူ့ရဲ့အမြင်ကို ပြောကြားလာပါတယ်။

ဒီဆုပေးပွဲကို လာမယ့် နိုဝင်ဘာ (၂၉)၊ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပမှာပါ။ ဒီနှစ်အတွက် မက်ဆီကပဲ သူ့အတွက် (၇) ကြိမ်မြောက်အဖြစ် ရရှိမယ်လို့ ရေပန်းစားနေပါတယ်။ ဒါပေမယ့်လည်း လီဝန်ဒေါစကီး၊ ဂျော်ဂျင်ဟိုတို့ရသင့်တယ်ဆိုတဲ့ အမြင်တွေလည်း ထွက်ပေါ်နေတာပါ။

ပီတာခရော့ချ်ကလည်း သူ့ရဲ့အမြင်နဲ့ပတ်သက်လို့ “လီဝန်ဒေါစကီးသာ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် ဘလွန်းဒီအော်ဆုကို မရလိုက်ဘူးဆိုရင် ဒီကိစ္စက လွဲနေပါပြီ။ ဒီနှစ်မှာလည်း သူသွင်းထားတဲ့ ဂိုးအရေအတွက်ကို ကြည့်ပါ”

“ကျွန်တော်ထင်တယ်၊ သူ (၂၂) ဂိုးသွင်းပြီးနေပြီ၊ အောက်တိုဘာပဲရှိသေးတာနော်။ ကျွန်တော်တုန်းကဆို မေမှာတောင် (၂၂) ဂိုးမရသေးဘူး။ လီဝန်ဒေါစကီးက တကယ်ကို ထူးခြားကောင်းမွန်တဲ့ ကစားသမားပါ”

“ရော်နယ်ဒို၊ မက်ဆီတို့ကလည်း အမြဲတမ်း မှတ်ကျောက်တင်ခံရမယ့် ကစားသမားတွေပါပဲ။ ဒါပေမယ့် ဒီနှစ်ကတော့ လီဝန်ဒေါစကီးရသင့်တဲ့နှစ်ဖြစ်နေပါပြီ” လို့ ပြောကြားခဲ့ပါတယ်။ လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့နှစ်ကလည်း ဒီဆုကိုရဖို့ ချွင်းချက်မရှိထိုက်တန်ခဲ့သူပါ။

ဒါပေမယ့် ကိုဗစ်ကြောင့် ပြီးခဲ့တဲ့နှစ်က ဆုပေးပွဲမကျင်းပဖြစ်ခဲ့ဘဲ လီဝန်ဒေါစကီးအတွက် နစ်နာခဲ့ရပြီး ဒီနှစ်မှာလည်း သူ့ရဲ့ခြေစွမ်းတွေကြောင့် ဘလွန်းဒီအော်နဲ့ ထိုက်တန်တယ်လို့ ထင်ကြေးပေးခံနေရတာပဲဖြစ်ပါတယ်။