ကွန်တီ စပါးကိုရောက်လာတာ ကောင်းတာပေါ့ဆိုတဲ့ ယူနိုက်တက်နည်းပြကြီး ဆိုးလ်ရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက စပါးနည်းပြသစ်အဖြစ် ကွန်တီရောက်ရှိလာတဲ့အပေါ် အပေါင်းလက္ခဏာဆောင်တဲ့ သူ့ရဲ့အမြင်တွေကို ထုတ်ဖော်ပြောကြားလာပါတယ်။

ကွန်တီဟာ ဆိုးလ်ရှားနေရာကို အစားဝင်မယ်လို့ သတင်းကြီးခဲ့ပေမယ့် စပါးကယူနိုက်တက်ကို ရှုံးနိမ့်ပြီးတဲ့နောက်မှာ စပါးနည်းပြ နူနိုဆန်တိုရဲ့နေရာကို အစားထိုးရောက်ရှိလာခဲ့တာပါ။

ဒီလိုမျိုး ကွန်တီ စပါးကိုရောက်ရှိလာတဲ့အပေါ်မှာတော့ ဆိုးလ်ရှားက အခုလိုမျိုးပဲ ပြောကြားခဲ့ပါတယ်။ ဆိုးလ်ရှားက “ကွန်တီက စပါးအတွက် အများကြီး ယူဆောင်လာပေးဦးမှာပါ။ သူက အောင်ပွဲရနေကျ နည်းပြဆိုတာကို သက်သေပြပြီးသားပါ”

“ကျွန်တော် သူနဲ့အင်္ဂလန်မှာ နောက်ဆုံးတွေ့ခဲ့တုန်းက ဖာဂူဆန်လည်းပါပြီး အတူတူညစာစားခဲ့ကြပါတယ်” လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ကွန်တီဟာ အင်္ဂလန်မြေမှာ ချဲလ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား၊ FA ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး အင်တာမီလန်နဲ့လည်း ပြီးခဲ့တဲ့ရာသီက အီတလီအမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာပါ။

ကွန်တီဟာ စပါးနည်းပြအဖြစ် ခန့်အပ်ခံရပြီးပြီးချင်း အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဥ်ကို လာရောက်ကြီးကြပ်ခဲ့ပါတယ်။ ဒါပေမယ့် သတင်းတွေထွက်ပေါ်နေသလိုမျိုးတော့ လာမယ့်ဆောင်းရာသီမှာ ကွန်တီ ငွေကြေးအများအပြားသုံးစွဲနိုင်မှာမဟုတ်ဘူးလို့လည်း စပါး အားကစား ဒါရိုက်တာ ပရက်တီချီက ဆိုထားပါတယ်။

ကွန်တီဟာ ဒီညမှာ ကစားမယ့် ဗွီတက်ဆီနဲ့ ယူရိုပါကွန်ဖရင့်လိဂ်ကိုတော့ အလုပ်လုပ်ခွင့်ဗီဇာ မရရှိသေးတာကြောင့် ကိုင်တွယ်ဖြစ်ဖို့ မသေချာသေးဘူးလို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။