လာမယ့် (၂၀၂၂) မှာ ရော်နယ်ဒို ဘလွန်းဒီအော် ပြန်ယူလိမ့်မယ်။

လက်ရှိ ယူနိုက်တက်မှာ စွမ်းဆောင်ပေးနေတာတွေနဲ့အတူ လာမယ့် (၂၀၂၂) မှာ ရော်နယ်ဒို ဘလွန်းဒီအော် ပြန်ယူလိမ့်မယ်လို့ ဖာဒီနန်က ဆိုလာပါတယ်။

ရော်နယ်ဒိုဟာ လက်ရှိ (၂၀၂၁) အတွက်တော့ ဘလွန်းဒီအော်ရဖို့ အခွင့်အရေးမရှိသလောက်ဖြစ်နေပြီး မက်ဆီနဲ့ လီဝန်ဒေါစကီးကသာ အဓိကရေပန်းစားနေခဲ့တာပါ။

ဒါပေမယ့် ရော်နယ်ဒိုဟာ လက်ရှိ ယူနိုက်တက်အတွက် အဓိက,ကစားသမားဖြစ်နေပြီး သူရောက်လာပြီးနောက်ပိုင်း ယူနိုက်တက်ရရှိထားတဲ့ သွင်းဂိုးတွေရဲ့ (၅၀) ရာခိုင်နှုန်းကို သွင်းယူပေးထားပါတယ်။ စက်တင်ဘာ၊ အောက်တိုဘာအတွက် ယူနိုက်တက် တစ်လတာအကောင်းဆုံး ကစားသမားဆုကိုလည်း ရော်နယ်ဒိုကပဲ (၂) လ ဆက်တိုက် သိမ်းပိုက်ထားတာပါ။

အဲ့ဒါကြောင့်လည်း လာမယ့်နှစ်ဘလွန်းဒီအော်အတွက် ဖာဒီနန်က “ရော်နယ်ဒိုကို ဘလွန်းဒီအော် ဆုပေးပွဲက ဖယ်ထုတ်ထားဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ ပြောရခက်တဲ့ ကိစ္စပါ။ မက်ဆီ၊ ရော်နယ်ဒိုတို့မပါဘဲ ဒီပွဲက ဘယ်တော့မှ ရှိလာမှာမဟုတ်ဘူး”

“ရော်နယ်ဒိုက ဒီနှစ် ဘလွန်းဒီအော်အတွက် ရေပန်းမစားတာ ပြီးခဲ့တဲ့နှစ်က ဂျူဗင်တပ်စ်နဲ့ အမှတ်ပေးဖလားမရခဲ့တာ၊ သူကိုယ်တိုင်လည်း ဂိုးတွေ အများကြီး မသွင်းနိုင်ခဲ့လို့ပါ။ ဒါပေမယ့် အခု စွမ်းဆောင်ရည်တွေနဲ့ဆိုရင် လာမယ့်ရာသီမှာ သူ ဘလွန်းဒီအော်အတွက် ပြန်လာပါလိမ့်မယ်”

“ဒီနှစ်အတွက်တော့ လီဝန်ဒေါစကီးလို့ ထင်ပါတယ်။ သူက (၃၈) ပွဲကစား (၅၆) ဂိုး ပါဝင်ပတ်သက်ထားတာပါ” လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဘလွန်းဒီအော်ဆုကို (၅) ကြိမ် ဆွတ်ခူးထားပြီး မက်ဆီကတော့ (၆) ကြိမ် ဆွတ်ခူးထားတာလည်းဖြစ်ပါတယ်။