တစ်ပွဲတည်း (၇) ဂိုးသွင်းတဲ့ တိုက်စစ်မှူးကို ယူရိုသန်း (၈၀) နဲ့ခေါ်ဖို့ သဘောတူလိုက်တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ဖီအိုရင်တီးနားရဲ့ အသက် (၂၁) နှစ်အရွယ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ ဒီသတင်းတွေကိုတော့ အပြောင်းအရွှေ့နဲ့ ပတ်သက်ရင် ရာနှုန်းပြည့်ယုံကြည်စိတ်ချရတဲ့ ဒီမာဇီယိုက ဖော်ပြခဲ့တာပါ။

အာဆင်နယ်ဟာ ကစားသမားအတွက် အပိုဆုကြေးတွေအပါအဝင် ယူရိုသန်း (၈၀) အထိ ပေးချေရမှာဖြစ်ပြီး ဒီအတွက် ကလပ်နှစ်သင်းကြား သဘောတူညီမှုရရှိခဲ့ပါတယ်။

ဒါပေမယ့် ကစားသမားရဲ့ အေးဂျင့်နဲ့ မဆွေးနွေးရသေးဘဲ ဒီကိစ္စသာ ပြီးပြတ်ခဲ့ရင်တော့ အပြောင်းအရွှေ့က အောင်မြင်ပါပြီ။

ဒူဆန်ဗလာဟိုဗစ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲတစ်ပွဲမှာ ဖီအိုရင်တီးနားအတွက် လူစားဝင်လာပြီး (၄၅) မိနစ်အတွင်း (၇) ဂိုးသွင်းယူနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဂိုးသွင်းခြေစွမ်းပြခဲ့သလို လက်ရှိရာသီမှာလည်း ဗလာဟိုဗစ်က ဖီအိုရင်တီးနားအတွက် ပြိုင်ပွဲစုံ (၁၂) ပွဲကစား၊ (၁၀) ဂိုးသွင်းယူထားပါတယ်။

(၂၀၂၃)၊ ဇွန်အထိ စာချုပ်ကျန်ရှိနေတဲ့ ဒီကစားသမားကို ဖီအိုရင်တီးနားက စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့သေးပေမယ့် အခုလိုပဲ စောစောစီးစီး ရောင်းထုတ်ဖို့ ပြင်ဆင်ခဲ့တာပါ။

ကျန်ကိစ္စရပ်တွေ ဆွေးနွေးတဲ့နေရာမှာ လျင်လျင်မြန်မြန် ပြီးပြတ်ခဲ့ရင်တော့ ဗလာဟိုဗစ်တစ်ယောက် လာမယ့် ဆောင်းရာသီမှာတင် အာဆင်နယ်ကို ရောက်ရှိလာဖို့ရှိနေပါတယ်။