မန်ယူနဲ့ကန်ရတာ လူစားလဲစရာမလိုအောင် လွယ်နေလို့ မလဲတာပေါ့ကွာဆိုတဲ့ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက မနေ့ညက ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ တစ်ယောက်မှ လူစားမလဲခဲ့တဲ့အပေါ် ဖြေရှင်းပြောကြားလာခဲ့ပါတယ်။

ဒီပွဲမှာ မန်စီးတီးက ပထမပိုင်းမှာတင် အဲရစ်ဘာယီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းတဲ့ဂိုး၊ ဘာနာဒိုဆေးလ်ဗားရဲ့ ဂိုးတွေနဲ့အတူ (၂) ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့တာပါ။

ပရိသတ်တွေကတော့ ယူနိုက်တက်နဲ့လီဗာပူးပွဲကလို ဂိုးတွေ ထပ်မံမြင်တွေ့ရဦးမယ်ထင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ မန်စီးတီးက ကစားအားကို သိသိသာသာ ချလိုက်ပါတယ်။ ပထမပိုင်းမှာလည်း မန်စီးတီးက လွယ်လွယ်ကူကူနဲ့ပဲ လေ့ကျင့်ခန်းဆင်းသလို ကစားခဲ့တာပါ။

ဒီလိုမျိုး တစ်ယောက်မှ လူစားမလဲခဲ့တဲ့အပေါ် ဂွါဒီယိုလာက “အရံခုံက ကစားသမားတွေက ကျွန်တော် မကြိုက်လို့ မသုံးခဲ့တာမျိုးမဟုတ်ပါဘူး။ ပွဲက ၂-၀ လေ။ အရာရာက လွယ်ကူပြီး သက်သောင့်သက်သာဖြစ်နေပြီ။ ဒီတော့ အပြောင်းအလဲလုပ်စရာမလိုဘူးလို့ ခံစားခဲ့ရတယ်”

“အိုးထရက်ဖို့ဒ်ကိုလာပြီး ကျွန်တော်တို့ရဲ့အိမ်နီးချင်း၊ မြို့ခံပြိုင်ဘက်ကို အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ သူတို့နဲ့ ရင်ဆိုင်ဖို့ဆိုရင် တိုက်စစ်ဆင်တဲ့နေရာမှာ ပိုလျင်မြန်ဖို့ လိုအပ်ပါတယ်။ ပြီးရင်တော့ အဆုံးသတ်ကောင်းဖို့ပေါ့။ အဲ့ဒီလိုမှမဟုတ်ရင်တော့ ခင်ဗျား ပြန်ပြီး တိုက်စစ်ဆင်ခံရလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ကလည်း ပထမပိုင်းအပြီးမှာ အဲရစ်ဘာယီကို ထုတ်ပြီး ဆန်ချိုကိုထည့်ခဲ့တာပဲရှိပြီး အဲ့ဒီလူစားလဲမှုက မန်ချက်စတာဒါဘီရဲ့ တစ်ခုတည်းသော လူစားလဲမှုဖြစ်ခဲ့ပါတယ်။