ပါးစပ်နဲ့ပြောမရလို့ တိုင်ဆန်ဖျူရီနဲ့ပါ ကာရင်တန်မှာ တွေ့ဆုံရဖို့ရှိနေတဲ့ ယူနိုက်တက်ကစားသမားများ

ဗြိတိန်လက်ဝှေ့ကျော် တိုင်ဆန်ဖျူရီကတော့ မနေ့က မန်ချက်စတာဒါဘီရှုံးပွဲအပြီးမှာ အသင်းကို ဝေဖန်ခဲ့ပြီး မကြာခင် သူနဲ့လေ့ကျင့်ရေးကွင်းမှာ တွေ့ဆုံရမယ်လို့ ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးကို အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားခဲ့တဲ့ပွဲမှာ နှစ်သင်းကြား ခြေစွမ်းကွာဟလွန်းခဲ့ပြီး မန်စီးတီးက သက်သောင့်သက်သာနဲ့ နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်သွားခဲ့တာပါ။

ပထမပိုင်းအပြီးမှာတည်းက နှစ်ဂိုးပြတ်ရှုံးနေတဲ့ ယူနိုက်တက်ကို အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်း ကိုယ်တိုင်က ပျစ်ပျစ်နှစ်နှစ်ဝေဖန်ခဲ့ပြီး ယူနိုက်တက် ပရိသတ် တိုင်ဆန်ဖျူရီကလည်း အခုလိုပဲ လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။

တိုင်ဆန်ဖျူရီက “ငါနဲ့ဝိုင်လ်ဒါ ထိုးခဲ့တဲ့ပွဲထက်တောင် ဒီမန်ချက်စတာဒါဘီက ပိုဆိုးပါသေးတယ်။ ကစားသမားတွေကို ကြည့်ရတာ ဒီလိုပွဲမျိုးတွေကို နိုင်ဖို့ ဘာမှ ထူးထူးခြားခြား လုပ်ချင်ကိုင်ချင်စိတ် ရှိပုံမရဘူး” လို့ ဝေဖန်သွားခဲ့ပါတယ်။

ဒါ့အပြင် တိုင်ဆန်ဖျူရီက “ငါနဲ့အီဗရာနဲ့ ယူနိုက်တက်လေ့ကျင့်ရေးကွင်းကို လာပြီး မင်းတို့အတွက် လိုအပ်တဲ့ ခပ်ကြမ်းကြမ်းစကားလုံးလေးတွေ ပြောပေးမှာပါ။ မကြာခင်တွေ့မယ်၊ အဆင်သင့်ပြင်ထားကြ” လို့လည်း ဗီဒီယိုနဲ့တကွ ပြောကြားထားပါသေးတယ်။

မနေ့က ရှုံးပွဲဟာ ယူနိုက်တက်ပရိသတ်တွေအတွက် စိတ်ပျက်စရာအတိဖြစ်ခဲ့ပြီး အိုးထရက်ဖို့ဒ်မှာကစားခဲ့တဲ့ နောက်ဆုံး (၂) ပွဲဆက်တိုက် ခါးသီးပြိုင်ဘက်တွေကို တစ်ဂိုးမှမသွင်းနိုင်ဘဲ အရေးနိမ့်ခဲ့တာပါ။ ယူနိုက်တက်ဟာ လီဗာပူးကိုလည်း (၅) ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

မန်စီးတီးနဲ့ပွဲမှာလည်း ဒီဂီယာသာ လက်စွမ်းမပြခဲ့ရင် ပထမပိုင်းမှာတင် (၅) ဂိုးပြတ်ရှုံးနိုင်ပြီး ဒုတိယပိုင်းမှာတော့ မန်စီးတီးဘက်က ကစားအားချလိုက်တာကြောင့် ပထမပိုင်းရလဒ် ၀-၂ ဂိုးနဲ့ ပြီးဆုံးခဲ့တာပါ။