“ရော်နယ်ဒိုက မနိုင်ရင်လူလိုက်ချတဲ့ကောင်” ဆိုပြီး ဝေဖန်သွားတဲ့ မန်စီးတီးကစားသမားဟောင်း

မန်စီးတီးကစားသမားဟောင်း ဆင်ကလဲယားက ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုက သူရဲဘောကြောင်တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။ မနေ့ညက မန်စီးတီးက ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ ၀-၂ ဂိုးနဲ့ အနိုင်ယူခဲ့တဲ့နောက် ဆင်ကလဲယားက အခုလိုဝေဖန်ခဲ့တာပါ။

ရော်နယ်ဒိုဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်အိမ်ကွင်း နောက်ဆုံး (၂) ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့တာလည်းဖြစ်ပါတယ်။ မနေ့ကပွဲမှာလည်း ယူနိုက်တက်က ရော်နယ်ဒိုရဲ့ ကန်ချက်တစ်ကြိမ်သာ မန်စီးတီးဂိုးပေါက်ကို တည့်မတ်အောင် ခြိမ်းခြောက်နိုင်ခဲ့တာပါ။

ပွဲပြီးခါနီးမှာတော့ ဒီဘရိုင်းကို ယူနိုက်တက်ကစားသမားနှစ်ယောက်ဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်နဲ့ ရော်နယ်ဒိုတို့ ဝိုင်းဝန်းဖျက်ထုတ်ခဲ့ပြီး ဒီအပေါ်မှာ ဆင်ကလဲယားက မကျေမနပ်ဖြစ်နေတာပါ။

ဆင်ကလဲယားက “တော်တော် အပေါစားဆန်တဲ့လုပ်ရပ်ပါ။ စစချင်း ဘရူနိုဖာနန်ဒက်စ်က စဖျက်ထုတ်ပါတယ်။ ဒီဘရိုင်းလဲသွားချိန်မှာ ရော်နယ်ဒိုက ထပ်ဝင်တယ်”

“ဒါက ခြေထောက်တစ်ချောင်းတည်းနဲ့ ဖျက်တာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုက ဒီဘရိုင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ကို အဝင်ကြမ်းတာပါ။ တော်တော်လေးညစ်ပတ်တဲ့လုပ်ရပ်လို့ ထင်ပါတယ်။ ဒီဘရိုင်း အဆင်ပြေဖို့လည်း ကျွန်တော်မျှော်လင့်ပါတယ်”

“ဘာလို့လဲဆိုတော့ တော်တော်ဆိုးပြီး သူရဲဘောကြောင်တဲ့ ဖျက်ထုတ်မှုဖြစ်နေလို့ပါ။ ရော်နယ်ဒိုက ဒါမျိုးလုပ်ဖူးပါတယ်။ လီဗာပူးနဲ့ပွဲက ကာတစ်ဂျုံးစ်နဲ့ ဖြစ်ရပ်ကိုကြည့်လေ။ ဘာလို့လဲဆိုတော့ သူက နိုင်ချင်လို့၊ ရှုံးရတာကို မကြိုက်လို့ပါ” လို့ ဝေဖန်သွားခဲ့တာပဲဖြစ်ပါတယ်။