ရာသီမရွေး ကထိန်ခင်းနေတဲ့ ယူနိုက်တက်ကစားသမား (၃) ယောက်ကို ရွိုင်ကိန်းပြင်းပြင်းထန်ထန် ဝေဖန်ခဲ့

ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက မနေ့ညက မန်ချက်စတာဒါဘီပွဲမှာ ဆိုးရွားတဲ့ ပုံစံတွေကို ပြသခဲ့တဲ့ ယူနိုက်တက် ကစားသမား (၃) ယောက်က အသင်းမှာဆက်ရှိဖို့ မထိုက်တန်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။

ဒီကစားသမား (၃) ယောက်ကတော့ နောက်ခံလူ အဲရစ်ဘာယီ၊ ကွင်းလယ်လူ ဖရက်ဒ်နဲ့တွမ်မီနေးတို့ဖြစ်ပြီး အဲရစ်ဘာယီကတော့ မန်စီးတီးအတွက် အဖွင့်ဂိုးရအောင် ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာပါ။

အဲရစ်ဘာယီဟာ ကြားရက်မှာ ကစားခဲ့တဲ့ အတ္တလန်တာနဲ့ ချန်ပီယံလိဂ်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ဗာရန်းလည်း ဒဏ်ရာရနေတာကြောင့် ဒီပွဲမှာ ထပ်မံပွဲထွက်ခွင့်ရခဲ့ပါတယ်။

ဒါပေမယ့်လည်း ရွိုင်ကိန်းက “တော်တော်ဆိုးရွားတဲ့ ကစားသမားတွေပါ။ တွမ်မီနေး၊ ဖရက်ဒ်တို့မှာ တွမ်မီနေးက သင်ယူနေဆဲဆိုပေမယ့် ယူနိုက်တက်အတွက် အရည်အချင်းပြည့်ဝတဲ့ ကစားသမားမဟုတ်ပါဘူး”

“ခံစစ်မှာတော့ အဲရစ်ဘာယီ ကိုယ့်ဂိုးကိုယ်သွင်းတာနဲ့ ပတ်သက်လို့ ကျွန်တော် သိပ်တောင်မအံ့သြတော့ပါဘူး”

“သူက အပြောင်းအလဲမြန်တဲ့ ကစားသမားလေ။ ဖရက်ဒ်က ယူနိုက်တက်အတွက် ကစားပေးနေတာတဲ့ဗျာ။ ဖရက်ဒ်က …။ အဲ့ဒီဖရက်ဒ်ကို ယူနိုက်တက်အတွက် သင့်တော်လုံလောက်တဲ့ ကစားသမားလို့ ထင်နေတဲ့သူကတော့ တကယ့်သောက်ရူးတွေပဲနေမယ်” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

ရွိုင်ကိန်းဟာ မနေ့ညက ယူနိုက်တက်နဲ့မန်စီးတီးပွဲက ယူနိုက်တက်ရဲ့ အနေအထားကို မရိုးရအောင် ဝေဖန်ခဲ့တာဖြစ်ပြီး ကလေးနဲ့လူကြီးကစားသလိုဖြစ်ခဲ့တဲ့ပွဲလို့လည်း ပြောဆိုသွားခဲ့ပါသေးတယ်။