တစ်ပွဲလောက်ရှုံးတာနဲ့ တစ်လောကလုံးကို ပတ်ရမ်းသွားတဲ့ လီဗာပူးနည်းပြ

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က မနေ့ညက ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ကိုရော၊ မေးခွန်းမေးနေတဲ့ သတင်းထောက်ကိုပါ ပြစ်တင်သွားခဲ့ပါတယ်။

ဒီပွဲမှာ လီဗာပူးတို့ ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒါဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ သူတို့အတွက် ပထမဆုံးရှုံးပွဲပါ။

ပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံရာမှာတော့ ကလော့ပ်က “ပထမဂိုးက ဂိုးသမားကို ပြစ်ဒဏ်ဘော ကျူးလွန်တာဗျ။ အော့ဘွန်နာရဲ့ လက်မောင်းက အယ်လစ်ဆန်ရဲ့ လက်မောင်းကို လာတိုက်တော့ ဘယ်လိုလုပ် ကာကွယ်နိုင်တော့မလဲ။ ဒါ အဓိပ္ပာယ်မရှိတဲ့ ကိစ္စပါ”

“လက်မောင်းဆိုတာ ဂိုးသမားအတွက် အရေးကြီးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းလေ။ ကျွန်တော်က အကြောင်းပြချက်တွေရှာနေတယ်လို့ လူတွေက ပြောကြလိမ့်မယ်။ မဟုတ်ပါဘူး။ ကျွန်တော် ရလဒ်ကို လက်ခံပါတယ်။ ကျွန်တော်တို့ ပုံစံကောင်းမပြနိုင်ခဲ့ပါဘူး။ ဒါကို လက်ခံပါတယ်”

“ဒါပေမယ့် ပွဲအကြောင်းပြောရရင်တော့ ဒိုင်လူကြီးရဲ့ ပုံမှန်အတိုင်း ဆုံးဖြတ်ချက်တွေကို လိုအပ်ပါတယ်။ သူ ဒါမျိုး မလုပ်ခဲ့ပါဘူး” လို့ ဝေဖန်ခဲ့ပါတယ်။ ဒီပွဲရဲ့ ပွဲကစားချိန် အစောပိုင်းမှာတင် ဝက်စ်ဟမ်းနောက်ခံလူ ခရက်စ်ဝဲလ်က ဟန်ဒါဆန်ကို သိသိသာသာ အဝင်ကြမ်းခဲ့ပါသေးတယ်။

ဒါပေမယ့် ခရက်စ်ဝဲလ် အထုတ်မခံခဲ့ရဘဲ ဒီအပေါ်မှာ ခရက်စ်ဝဲလ်အထုတ်ခံရသင့်လား သတင်းထောက်က မေးချိန်မှာတော့ “ဘုရားရေ။ ကျွန်တော်က ခင်ဗျားရဲ့ခွေးလေး မဟုတ်ဘူး။ ခင်ဗျားလည်း ကိုယ့်အမြင်ကိုယ်ရှိမယ်ထင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။