မက်ဆီက ပွင့်ပွင့်လင်းလင်းမရှိဘဲ ပေါင်းသင်းဆက်ဆံရသိပ်ခက်လို့ ပီအက်စ်ဂျီမှာခက်နေပြီလို့ သုံးသပ်

Insubmersible Messi ဆိုတဲ့ စာအုပ်ကို ရေးသားတဲ့ အလက်ဇန္ဒားဂျူးလိယက်က မက်ဆီဟာ ပေါင်းသင်းဆက်ဆံရေးမှာ အများထင်သလို မကောင်းမွန်ဘဲ ပေါင်းရသင်းရခက်တဲ့လူလို့ RMC Sports က တင်ဆက်တဲ့ မှတ်တမ်းရုပ်ရှင်တစ်ခုမှာ ဖွင့်ဟခဲ့ပါတယ်။

ပီအက်စ်ဂျီမှာ မက်ဆီက ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရဆဲဖြစ်ပြီး အခုချိန်မှာလည်း ဒဏ်ရာပြဿနာကြောင့် အနားယူနေရပါတယ်။

မက်ဆီရောက်လာချိန်မှာ အသင်းတွင်း တောင်အမေရိကအင်အားစုနဲ့ဥရောပအင်အားစု ကွဲသွားတယ်လို့ သတင်းတွေထွက်နေပြီး ကစားသမားအချို့ကလည်း မက်ဆီ ဦးဆောင်လွှမ်းမိုးနေတဲ့ တောင်အမေရိကသားတွေကို မနှစ်မြို့ကြဘူးလို့ ဖော်ပြနေတာပါ။

မက်ဆီရဲ့ပေါင်းသင်းဆက်ဆံရေးအကြောင်းနဲ့ ပတ်သက်လို့ ဂျူးလိယက်က “မက်ဆီက ညှိရနှိုင်းရ ပေါင်းသင်းဆက်ဆံရခက်တဲ့လူမျိုးပါ။ တစ်ယောက်တည်းနေရတာကို သဘောကျတဲ့လူမျိုးပါ။ တစ်ခုခုဆိုလည်း သူက တိုက်ရိုက်မပြောပါဘူး”

“တစ်စုံတစ်ခုက သူ့ကို စိတ်ဆိုးစိတ်ရှုပ်အောင်လုပ်တယ်ဆိုရင် အခြားတစ်ယောက်ကို မက်ဆင်ဂျာကဆက်သွယ်ပြီး ပြဿနာရှင်းခိုင်းတော့တာပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီပြဿနာကို ဂွါဒီယိုလာလည်း ရင်ဆိုင်ခဲ့ရဖူးတယ်လို့ ဂျူးလိယက်က ပြောပါသေးတယ်။

ဂျူးလိယက်က “တစ်ခါတုန်းက မက်ဆီကို အရံခုံထိုင်ခိုင်းလိုက်တာ သူနောက်နေ့ လေ့ကျင့်ခန်း လာမဆင်းတော့ဘူး။ ဂွါဒီယိုလာကတော့ သူ့ကိုအဆုံးရှုံးမခံနိုင်ဘူးဆိုပြီး ကိုယ်တိုင်ကားမောင်း၊ မက်ဆီအိမ်အထိသွားနဲ့ ချော့ခဲ့ရတာပဲ။ အိုလံပစ်ကန်ချင်တယ်ဆိုတော့လည်း လွှတ်ပေးရပါသေးတယ်။ အခုခေတ်မှာတော့ ဒါက ရူးကြောင်ကြောင်နိုင်တဲ့ ကိစ္စပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။