ဆာလတ် က ရော်နယ်ဒို ရဲ့အဆင့်ကို ရောက်ရှိနေပြီလို့ ပြောလိုက်တဲ့ ဂျိုတာ

အခုနှစ်ရာသီအစတည်းက စွမ်းဆောင်ရည်ကောင်းတွေ ပြသထားတဲ့ ဆာလတ် ဟာ ရော်နယ်ဒို ရဲ့အဆင့်ကို ရောက်ရှိနေပြီလို့ အသင်းဖော် ဂျိုတာ က ပြောလိုက်ပါတယ်။ဆာလတ် ဟာ လီဗာပူးလ် အသင်းအတွက် (၁၄)ပွဲပါ၀င်ကစားထားပြီး (၁၅)ဂိုးသွင်းယူနိုင်ခဲ့တာအပါအ၀င် သွင်းဂိုးတွေလည်း ဖန်တီးပေးနိုင်ကာ ခြေစွမ်းပြသနေတာလည်းဖြစ်ပါတယ်။

လီဗာပူးလ် အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့အုပ်စုပွဲစဉ်ကစားဖို့ (၂)ပွဲကျန်ရှိနေသေးပေမယ့် ဆာလတ် ဟာ အသင်းကို (၁၆)သင်းအဆင့် တက်ရောက်နိုင်အောင် ကူညီပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဆာလတ် ရဲ့ရာသီအစက ပြခဲ့တဲ့ခြေစွမ်းတွေကြောင့် သူဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်တယ်လို့ အများအပြားက ချီးကျုးခဲ့တာလည်းဖြစ်ပါတယ်။

ဒီရာသီမှာ ဆာလတ်ရဲ့အကျိုးသက်ရောက်မှုနဲ့ ပတ်သက်ပြီး ဂျိုတာ က “သူဟာ ကမ္ဘာ့အဆင့်ရှိတဲ့ ကစားသမားတဦးပါ။ဒီရာသီမှာ သူ့ရဲ့နည်းစနစ်တွေကိ်ု ကမ္ဘာကို ပြသနေတာလည်းဖြစ်ပါတယ်။သူဟာ ပျော်ပျော်ရွှင်ရွှင်နဲ့့ ဂိုးတွေသွင်းယူနေတဲ့သူပါ။အလွန်ကောင်းမွန်တဲ့ သွင်းဂိုးတွေ၊တဦးချင်းသွင်းဂိုးတွေနဲ့ ဒါဟာ ကျွန်တော်တို့ အတွက် အထောက်အကူတွေအများကြီးဖြစ်ပါတယ်”

“သူဟာ ကျွန်တော်တို့ အတွက် ပွဲကိုအဆုံးအဖြတ်ပေးနိုင်သူတဦးပါ။ပြိုင်ဘက်တွေအနေနဲ့ လည်း သူ့ကို သတိထားဖို့ လိုတယ်ဆိုတာ သိပါတယ်။သူ့ကြောင့်ပဲ ကျွန်တော်တို့ နေရာလွတ်တွေအများကြီးရခဲ့ပါတယ်။ဘာလို့လဲဆိုရင် ပြိုင်ဘက်တွေက သူ့ကို အရမ်းစိုးရိမ်နေခဲ့လို့ပါ”လို့ ဆိုခဲ့ပါတယ်။

ဂျိုတာ ဟာ ပေါ်တူဂီ အသင်းမှာ ရော်နယ်ဒို နဲ့ အတူတွဲကစားတုန်းကလည်း အလားတူခံစားချက်ရှိခဲ့ပြီး သူတို့(၂)ဦးလုံးရဲ့အရည်အသွေးနဲ့ စွမ်းဆောင်ရည်ဟာ တန်းတူနီးပါး ရှိတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ဂျိုတာ က “ကျွန်တော်လက်ရွေးစင် အသင်းမှာ ရော်နယ်ဒို နဲ့ ကစားခဲ့တုန်းကလည်း ဒီလိုမျိုးခံစားမှုကို ပထမဆုံးခံစားခဲ့ရပါတယ်။ရော်နယ်ဒို က ဒါကို အချိန်အကြာကြီး လုပ်ခဲ့ပေမယ့် ဆာလတ် က သူ့ကို တူညီတဲ့ စံနှုန်းတွေနဲ့ ထားနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်”

“သူဟာကွင်းထဲမှာရှိနေရင် အန္တရယ်များပြီး အချိန်မရွေးဂိုးသွင်းယူနိုင်ပါတယ်။ဒါတွေကို ကြည့်ပြီး သင်ယူနိုင်ခဲ့တာကလည်း ကျွန်တော့်အတွက် အလွန်အသုံး၀င်ပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။