ဖာဂူဆန်က ကလော့ပ်နဲ့ဂွါဒီယိုလာလောက်တောင် ကြီးကျယ်ခမ်းနားမှုမရှိဘူးလို့ သတ်မှတ်ခံရ

ပရီးမီးယားလိဂ်ရဲ့ နည်းပြဟောင်းတစ်ယောက်ဖြစ်တဲ့ နေးလ်ဝါးနော့ခ်က ပရီးမီးယားလိဂ်မှာ သူ့အတွက် အကြီးကျယ်အခမ်းနားဆုံး နည်းပြ (၅) ယောက်စာရင်းမှာ လီဗာပူးနည်းပြ ကလော့ပ်ကို ယူနိုက်တက်နည်းပြဟောင်း ဖာဂူဆန်ရဲ့ အထက်မှာ သတ်မှတ်ပေးခဲ့ပါတယ်။

အသက် (၇၉) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖာဂူဆန်ဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ဖလား (၁၃) ကြိမ်၊ FA ဖလား (၅) ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၂) ကြိမ်အပါအဝင် ဆုဖလားပေါင်း (၃၈) လုံးအထိ ဆွတ်ခူးပေးနိုင်ခဲ့သူပါ။

ဒါပေမယ့် နေးလ်ဝါးနော့ခ်ရဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကြီးကျယ်အခမ်းနားဆုံး နည်းပြ (၅) ယောက်စာရင်းမှာတော့ ဖာဂူဆန်က အဆင့် (၄) မှာသာရှိခဲ့ပါတယ်။ နေးလ်ဝါးနော့ခ်က “ကျွန်တော့်အနေနဲ့ ဝင်းဂါးကို နံပါတ် (၁) မှာ ထားပါမယ်။ ဘာလို့လဲဆိုတော့ သူက မော်ဒန်ဘောလုံးလောကတစ်ခုလုံးကို ပြောင်းလဲပေးနိုင်ခဲ့လို့ပါ”

“အာဟာရပညာရှင်၊ ကြံ့ခိုင်ရေးနည်းပြ၊ ဗီဒီယို၊ နည်းပြ ဒါတွေအားလုံးကို သူယူဆောင်လာခဲ့ပါတယ်။ နံပါတ် (၂) ကတော့ မန်စီးတီးနည်းပြ ဂွါဒီယိုလာပါ။ သူ့အသင်းက တော်တော်လေးကို ကောင်းမွန်ခဲ့ပြီး ကျွန်တော်တို့ ဒါကို မနှစ်ကလည်း မြင်တွေ့ခဲ့ရပါတယ်”

“ပြီးရင်တော့ ကလော့ပ်ပါ။ ကလော့ပ်အတွက်လည်း အခုမှ အစပိုင်းပဲရှိပါသေးတယ်။ (၄) ယောက်မြောက်ကတော့ ဖာဂူဆန်ပါ။ သူ့ကို မော်ရင်ဟိုရဲ့အထက်မှာထားတာက သူ့ရဲ့နှစ်ရှည်လများ စွမ်းဆောင်မှုတွေကြောင့်ပါ။ သူ့ခေတ်မှာ ဖာဂူဆန်က ကစားသမားတွေတင်မကဘဲ အသင်းဝန်ထမ်းတွေကိုပါ ကောင်းကောင်းအုပ်ချုပ်နိုင်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။