အသင်းက ဒီလောက်ရလဒ်ဆိုးနေတာကို ရူးကြောင်မူးကြောင်နဲ့ အားလပ်ရက် (၁) ပတ်ပေးသွားတဲ့ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာဒါဘီပွဲအပြီးမှာ အားလပ်ရက် (၁) ပတ်ပေးခဲ့တာကြောင့် ကစားသမားတွေတောင် အံ့အားသင့်ခဲ့ရတယ်လို့ဆိုပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်နောက်ဆုံး (၆) ပွဲမှာ (၄) ပွဲရှုံးပြီး (၁) ပွဲသာ အနိုင်ရရှိထားတာပါ။ ဒါပေမယ့်လည်း နိုင်ငံတကာ ရက်သတ္တပတ်ရောက်လာချိန်မှာတော့ ဆိုးလ်ရှားက ထွေထွေထူးထူး တင်းကျပ်နေတာမျိုးမရှိဘဲ အားလပ်ရက်ပေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် သူကိုယ်တိုင်လည်း မွေးရပ်မြေ နော်ဝေကိုပြန်သွားတဲ့ ပုံရိပ်တွေကို မနေ့က မီဒီယာတွေက အကျယ်တဝင့်ဖော်ပြခဲ့ပါတယ်။ အသင်းမှာ လက်ရွေးစင်အတွက် ရွေးချယ်မခံရတဲ့ ကစားသမားတွေရှိနေပြီး ဝမ်ဘစ်ဆာကာ၊ ဂရင်းဝုဒ်၊ ဗန်ဒီဘိခ်တို့က ကာရင်တန်မှာ ဆက်လက်လေ့ကျင့်ဖို့ ပြင်ဆင်ခဲ့ကြတာပါ။

ဒါပေမယ့်လည်း ဆိုးလ်ရှားရဲ့ အခုလုပ်ရပ်က ကစားသမားတွေကိုပါ အံ့အားသင့်စေခဲ့ပြီး သူကိုယ်တိုင်ကတောင် အေးရာအေးကြောင်းနဲ့ပဲ ကစားသမားတွေကိုလည်း အနားပေး၊ သူကိုယ်တိုင်လည်း အိမ်ပြန်အနားယူနေတာဖြစ်ပါတယ်။

ဒေးလီးမေးလ်သတင်းဌာနရဲ့ဖော်ပြချက်အရ ဆိုးလ်ရှားရဲ့နေရာမှာ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာ၊ အေဂျက်စ်နည်းပြ အဲရစ်တန်ဟက်ခ်၊ လိုက်ပ်ဇစ်နည်းပြ ရန်းနစ်ဂ်တို့ အစားထိုးဖို့ ရေပန်းစားနေပြီး ဒီအပေါ်မှာ ဆိုးလ်ရှားတစ်ယောက် အပူအပင်မရှိတာကို ကစားသမားတွေက အံ့အားသင့်နေတာပါ။

ယူနိုက်တက်ဟာ ဘရန်ဒန်ရော်ဂျာနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ဒီသတင်းကိုတော့ အသင်းဘက်ကရော၊ နာမည်ကျော်ဂျာနယ်လစ် ရိုမာနိုကပါ ငြင်းဆိုထားပါတယ်။