စုတ်ပြတ်နေတဲ့ပုံစံတွေကိုမပြင်ရင် ရာသီကုန်တာနဲ့ ဒိုးပြီဆိုတဲ့ ရော်နယ်ဒို

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အသင်းရဲ့ လက်ရှိအခြေအနေတွေကို စိတ်ပျက်နေပြီး ဒီတိုင်းဆက်သွားနေရင် ဒါမှမဟုတ် ရာသီကုန်မှာ အနည်းဆုံး ချန်ပီယံလိဂ်ဝင်ခွင့်မရရင် အသင်းကထွက်ခွာခွင့် တောင်းဖို့ အစီအစဥ်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ရော်နယ်ဒိုအနေနဲ့ သူထွက်သွားတုန်းကထက်စာရင် အခုချိန်မှာ ဆိုးဆိုးရွားရွား ကျဆင်းလာတဲ့ အသင်းရဲ့ အရှိန်အဝါကို တော်တော်လေး ရှော့ခ်ရနေတယ်လို့ သတင်းတွေထွက်ခဲ့သေးတာပါ။

ရော်နယ်ဒိုအနေနဲ့ ပြီးခဲ့တဲ့နွေရာသီမှာ မန်စီးတီးကိုပြောင်းဖို့ တော်တော်လေး နီးစပ်ခဲ့သေးပေမယ့် ဖာဂူဆန်အပါအဝင် ယူနိုက်တက်အသိုင်းအဝိုင်းရဲ့ စည်းရုံးသိမ်းသွင်းမှုကြောင့် ယူနိုက်တက်ကို တစ်ကျော့ပြန် ရောက်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်ရဲ့ လက်ရှိအခြေအနေ၊ နည်းပြဆိုးလ်ရှားရဲ့ အရှိန်အဝါတို့က ရော်နယ်ဒိုအတွက် နည်းနည်းလေးမှ ကျေနပ်စရာမရှိပါဘူး။ လက်ရှိမှာလည်း ဆိုးရွားတဲ့ အခိုက်အတန့်တွေကို ဖြတ်သန်းနေရတာပါ။

ကစားသမားဘဝ နေဝင်ချိန် နောက်ဆုံးစက္ကန့်အပိုင်းအခြားအထိ အောင်မြင်မှုဆုတံဆိပ်တွေ ဆွတ်ခူးချင်တဲ့ ရော်နယ်ဒိုအတွက်က လက်ရှိယူနိုက်တက် အနေအထားနဲ့ ဘာမှမျှော်လင့်ခွင့်မရှိပါဘူး။

ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်အောင်မြင်မှုကို အထူးမက်မောတဲ့ ကစားသမားလို့ဆိုနိုင်ပြီး မဟာပြိုင်ဘက် မက်ဆီကိုလည်း ဘလွန်းဒီအော်အတွက် အမှီလိုက်ဖို့ လိုအပ်နေပါသေးတယ်။

အဲ့ဒါကြောင့်လည်း ရော်နယ်ဒိုတစ်ယောက် လာမယ့်ရာသီမှာသာ ချန်ပီယံလိဂ်မကစားရရင်တော့ လာမယ့်နွေရာသီမှာတင် အသင်းကထွက်ခွာခွင့်တောင်းမယ်လို့ သတင်းတွေကဖော်ပြလာတာပါ။ ရော်နယ်ဒိုဟာ ယူနိုက်တက်နဲ့ (၂) နှစ် စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာသာ ကစားသမားဘဝကို အဆုံးသတ်မယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ဖူးပါတယ်။