ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ဘာစီကစားသမားတွေကို စည်းကမ်းတွေထုတ်ပြီး အပီကိုင်တော့မယ့် ဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီဟာ တနင်္လာနေ့က နူးကမ့်ကို ရောက်ရှိလာပြီးနောက်ပိုင်း အသင်းတွင်း အပြောင်းအလဲတွေကို လျင်လျင်မြန်မြန်နဲ့ ပြုလုပ်နေပါတယ်။

ဇာဗီအနေနဲ့ အသင်းရဲ့ ဒဏ်ရာပြဿနာတွေကြောင့် ရော်နယ်ကိုးမန်း ခန့်ထားတဲ့ ကြံ့ခိုင်ရေးနည်းပြအဖွဲ့ဝင် နှစ်ယောက်ကို ရာထူးက ထုတ်ပယ်ခဲ့ပြီး လက်ရှိအချိန်မှာလည်း ကစားသမားတွေအတွက် စည်းကမ်းချက် အသစ် (၁၀) ခု ထုတ်ပြန်ပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ ပြင်ဆင်နေတာပါ။

လက်ရှိဘာစီလိုနာဟာ ရလဒ်တွေဆိုးရွားနေပြီး လိဂ်ပွဲ (၁၂) ပွဲမှာ (၄) ပွဲသာ အနိုင်ရခဲ့တာကြောင့် အဆင့် (၁၀) နေရာကို ရောက်ရှိနေပါတယ်။ ဇာဗီ ထုတ်ပြန်ခဲ့တဲ့ စည်းကမ်းချက်တွေကတော့ ကွင်းပြင်ပမှာပါ ကစားသမားတွေကို ချုပ်ကိုင်ဖို့ စီစဥ်ထားတာပါ။

ပထမ (၅) ချက်ကတော့ ကစားသမားတွေအနေနဲ့ လေ့ကျင့်ခန်းမစခင် (၁) နာရီခွဲအလိုမှာတင် လေ့ကျင့်ရေးကွင်းကို ရောက်ရှိရမယ်၊ ဝန်ထမ်းတွေကလည်း လေ့ကျင့်ခန်းမစခင် (၂) နာရီအလိုမှာတည်းက လေ့ကျင့်ရေးကွင်းကို ရောက်ရှိရမယ်၊

ကစားသမားတွေအနေနဲ့ အသင်းလေ့ကျင့်ရေးကွင်းမှာပဲ စားသောက်ရမယ်၊ ဒဏ်ကြေးငွေ ပြန်လည်ကောက်ခံမယ်ဆိုတာနဲ့ ဒဏ်ကြေးချမှတ်တဲ့အပေါ် လက်မခံ တုံ့ပြန်ရင် ဒဏ်ကြေး (၂) ဆဖြစ်မယ်ဆိုတာပါ။

နောက်ဆုံး (၅) ချက်ကတော့ ကစားသမားတွေဟာ ပွဲမကန်ခင် (၂) ရက်အလိုတည်းက အပြင်မှာသန်းခေါင်မကျော်ဘဲ အိမ်မှာနေရမယ်၊ လေ့ကျင့်ခန်းအစီအစဥ်မှာလည်း အရာအားလုံး ပြန်လည်ပေးဆပ်ရမယ်၊

ကွင်းပြင်ပ နေထိုင်မှုပုံစံတွေကို စစ်ဆေးမယ်၊ အန္တရာယ်များတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခွင့်မရှိဘူးဆိုတာနဲ့ ပုံရိပ်ကောင်းမဖြစ်မနေ လိုအပ်တယ်ဆိုတာတို့ဖြစ်ပါတယ်။

ဒီစည်းကမ်းတွေကတော့ ကစားသမားတွေအတွက် အရင်လောက်မလွတ်လပ်တော့ဘူးလို့ဆိုရမှာဖြစ်ပြီး ဝန်ထမ်းတွေအတွက်လည်း ဂရုစိုက်ရမယ့် အနေအထားလို့ ဆိုရတော့မှာပါ။