ဘလွန်းဒီအော် ဆန်ခါတင်မှာ မပါလို့ ဘာမှမဖြစ်ဘူး၊ အေးဆေးလက်စွမ်းပြမယ်ဆိုတဲ့ မန်ဒီ

ချဲလ်ဆီး ဂိုးသမား မန်ဒီဟာ (၂၀၂၁) ဘလွန်းဒီအော်အတွက် ဆန်ခါတင်ကစားသမားစာရင်းမှာ မပါဝင်တဲ့အပေါ် ဖွင့်ဟပြောကြားလာပါတယ်။

မန်ဒီဟာ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးကို ရောက်ရှိလာပြီးနောက် အသင်းရဲ့ အဓိကဂိုးသမားအဖြစ် လက်စွမ်းပြနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ရဲ့ အကောင်းဆုံး ဂိုးသမားဆုကိုပါ ရရှိခဲ့တာပါ။

ဒါပေမယ့်လည်း မန်ဒီကတော့ ဘလွန်းဒီအော်အတွက် ဆန်ခါတင်ကစားသမားစာရင်းမှာ ပါဝင်လာခဲ့ခြင်းမရှိပါဘူး။ ဒီအပေါ်မှာတော့ အသင်းဖော်တွေရော၊ ဘောလုံး အသိုင်းအဝိုင်းကပါ ဝေဖန်မှုတွေရှိနေတာပါ။

ဒီလိုမျိုးအနေအထားတွေအပေါ်မှာ မန်ဒီကတော့ “ဒီလိုဖြစ်တာ ကျွန်တော့်ကို အလုပ်ပိုလုပ်ဖို့ စိတ်ဓာတ်လှုံ့ဆော်ပေးသလိုပါပဲ။ အရိုးသားဆုံးပြောရရင် ကျွန်တော် အံ့အားသင့်မိပါတယ်”

“တကယ်လို့ ကျွန်တော်သာ ပြင်သစ်လက်ရွေးစင်အတွက် ကစားခွင့်ရပြီး ယူရိုမှာသာ ပါဝင်ခဲ့ရရင် ဒါက တစ်ခုခု အကျိုးသက်ရောက်မှုရှိနိုင်မလားပေါ့။ ဒါက တရားမျှတမှုမရှိဘူးလို့ ပြောရမလားဆိုရင် ကျွန်တော် ဒီလိုစကားလုံးမျိုးကို အသုံးမပြုနိုင်ပါဘူး”

“ဒါက ကျွန်တော့်ကို နိုင်ငံအတွက်ရော၊ ကလပ်အတွက်ရော အလုပ်ပိုလုပ်ဖို့ လှုံ့ဆော်ပေးပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဘလွန်းဒီအော်အတွက် ဆန်ခါတင်ကစားသမားအယောက် (၃၀) စာရင်းမှာ ယူရိုချန်ပီယံ အီတလီအတွက် အထူးလက်စွမ်းပြခဲ့တဲ့ ဒွန်နာရမ်မာက ဂိုးသမားအဖြစ် ပါဝင်ခဲ့သေးတာပါ။

ချဲလ်ဆီးမှာလည်း မန်ဒီက ဒီကစားသမားစာရင်းအတွက် မပါဝင်ခဲ့ပေမယ့် အက်ဇ်ပီလီကွီတာ၊ ကန်တေ၊ ဂျော်ဂျင်ဟို၊ မေဆင်မောင့်တို့ ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။