မိုက်ကန်းပါတယ်ဆိုတဲ့ ဂတ်တူဆိုကိုတောင် မေးမေးပြီး အမှိုက်ပုံးထဲပစ်ထည့်ပေးလိုက်တဲ့ အီဘရာဟီမိုဗစ်

အေစီမီလန်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်တစ်ယောက် သူ့ရဲ့အေစီမီလန် ကစားသမားဘဝ ပထမအကြိမ်မှာ ဂတ်တူဆိုနဲ့ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို အဲ့ဒီအချိန်က အသင်းဖော် သီယာဂိုဆေးလ်ဗားက ပြောကြားလာပါတယ်။

သီယာဂိုဆေးလ်ဗားဟာ လက်ရှိအချိန်မှာ ချဲလ်ဆီးအတွက် ကစားပေးနေပြီး ဂတ်တူဆိုကတော့ ကစားသမားဘဝက အနားယူသွားခဲ့ပါပြီ။

(၂၀၁၀-၁၁) ဘောလုံးရာသီမှာ ဒီ (၃) ယောက်က အေစီမီလန် အသင်းဖော်တွေဖြစ်ခဲ့ပြီး အဓိက,ကစားသမားတွေလည်းဖြစ်ခဲ့တာပါ။ အဲ့ဒီတုန်းကဖြစ်ရပ်နဲ့ပတ်သက်လို့ သီယာဂိုဆေးလ်ဗားက Football Italia နဲ့ တွေ့ဆုံခန်းမှာ အခုလိုပဲ ပြောပြခဲ့ပါတယ်။

သီယာဂိုဆေးလ်ဗားက “ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်က အီဘရာဟီမိုဗစ်ပေါ့။ တစ်ရက်ကျ လေ့ကျင့်ခန်း အစီအစဥ်တစ်ခုမှာ ဂတ်တူဆိုက အီဘရာဟီမိုဗစ်ကို တစ်ချိန်လုံး သောက်ခွက်ပြောင်နေတာဗျ။ တစ်မနက်လုံးနော်”

“အီဘရာဟီမိုဗစ်က တော်တောင်တင်းနေပြီဗျ။ ဒါပေမယ့် ဘာမှကိုပြန်မပြောဘူး။ မကြာပါဘူး။ လေ့ကျင့်ခန်းဆင်းပြီး အဝတ်လဲခန်းထဲလည်းရောက်ရော အီဘရာဟီမိုဗစ်က ဂတ်တူဆိုကို မ ပြီး အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တာပဲ”

“ဒါက တကယ့်ကို ရူးလောက်စရာ ကိစ္စကြီးနော်။ အဲ့ဒီအချိန်ကဖြစ်သွားတဲ့ ဂတ်တူဆိုရဲ့မျက်နှာကို ကျွန်တော်တို့ အခု ရယ်နေရတယ်ဗျာ။ ကျိန်ဆိုကျိန်ရဲပါတယ်။ ကျွန်တော် တစ်ပတ်လောက် အဲ့ဒီကိစ္စကြောင့် ရယ်တာ ရပ်လို့ကိုမရခဲ့ဘူး” လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။

အီဘရာဟီမိုဗစ်ဟာ လက်ရှိအချိန်မှာတော့ အေစီမီလန်အတွက် ဒုတိယအကြိမ် ကစားပေးနေပြီဖြစ်ပြီး (၂၀၂၂) ကမ္ဘာ့ဖလားမှာလည်း ဆွီဒင်အတွက် ပါဝင်ကစားပေးဖို့ ပြင်ဆင်ထားပါတယ်။