မက်ဆီကိုပြန်မခေါ်နဲ့၊ ရော်နယ်ဒိုကိုခေါ်လိုက်ဆိုပြီး တိုက်တွန်းခံနေရတဲ့ ဘာစီလိုနာ

ဘာစီလိုနာ ဥက္ကဌလောင်းအဖြစ် ပါဝင်ယှဥ်ပြိုင်ခဲ့ဖူးတဲ့ တိုနီဖရီဇာက ဘာစီလိုနာအနေနဲ့ ရော်နယ်ဒိုကို ခေါ်ယူသင့်တယ်လို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

လက်ရှိအချိန်မှာ ဘာစီလိုနာရော၊ ယူနိုက်တက်ရော နှစ်သင်းလုံးက အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရပြီး ဘာစီလိုနာကတော့ နည်းပြသစ်အဖြစ် အသင်းရဲ့ဂန္တဝင်ကစားသမားဟောင်း ဇာဗီကို ပြန်လည် ခန့်အပ်ထားတာပါ။

ဇာဗီပြန်လည်ရောက်ရှိလာခြင်းနဲ့အတူ မက်ဆီလည်း အသင်းကို ပြန်လာတော့မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး ဖရီဇာကတော့ ရော်နယ်ဒိုကို ဘာစီလိုနာမှာ မြင်တွေ့လိုနေတာလည်းဖြစ်ပါတယ်။

စပိန် နာမည်ကျော် AS သတင်းစာနဲ့ တွေ့ဆုံခန်းမှာ ဖရေဇာက “ရော်နယ်ဒို ဘာစီလိုနာကို ပြောင်းဖို့လား? တကယ်လို့ ဒီလိုရူးလောက်စရာအဖြစ်အပျက်မျိုးရှိမယ်ဆိုရင် အဲ့ဒါ အခုချိန်မှာပဲ ဖြစ်သင့်ပါပြီ” လို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ လက်ရှိယူနိုက်တက်ရဲ့ အခြေအနေတွေကို စိတ်ပျက်လက်ပျက်ဖြစ်နေပြီး ရာသီကုန်မှာသာ ချန်ပီယံလိဂ်ဝင်ခွင့်မရရင် အသင်းကို ပြန်လည်စွန့်ခွာသွားမယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။

ဒါပေမယ့်လည်း ဘာစီလိုနာက ရော်နယ်ဒိုကို ခေါ်ယူဖို့ ကြိုးစားသည့်တိုင် ရီးရဲယ်မက်ဒရစ်မှာ ဂန္တဝင်တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ရော်နယ်ဒိုကတော့ ခါးသီးပြိုင်ဘက် ဘာစီလိုနာကို ပြောင်းဖို့ ခက်ခဲဖွယ်ရှိပါတယ်။

ဘာစီလိုနာအနေနဲ့လည်း သူတို့ရဲ့အချစ်တော် မက်ဆီရဲ့ မဟာပြိုင်ဘက် ရော်နယ်ဒိုကို ခေါ်ယူရမှာဖြစ်ပြီး ဒီအနေအထားမှာတော့ ဘာစီလိုနာပရိသတ်တွေက သဘောကျမှာမဟုတ်တာကြောင့် ဖြစ်နိုင်ခြေနည်းတဲ့ အပြောင်းအရွှေ့တစ်ခုလို့ဆိုရမှာပါ။