ဘယ်ကောင်က (၁) ယူရိုပဲယူပြီး ကစားပေးမှာလဲ၊ လာမလှိမ့်နဲ့ဆိုလို့ လူခေါ်မရဖြစ်နေတဲ့ ဘာကာ

ဘာစီလိုနာဟာ သူတို့ရဲ့ ကစားသမားဟောင်း ဒန်နီအဲလ်ဗက်စ်ကို ပြန်ခေါ်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် လာလီဂါ ဘောလုံးအဖွဲ့ချုပ်ဘက်ကတော့ ဒီအပြောင်းအရွှေ့ကို ပိတ်ပင်ခဲ့ပါတယ်။

အဆိုပါ ဘရာဇီး နောက်ခံအစွန်လူဟာ (၂၀၀၈) ကနေ (၂၀၁၆) အထိ ဘာစီလိုနာမှာ အောင်မြင်တဲ့ အချိန်ကာလတွေကို ဖြတ်သန်းနိုင်ခဲ့သူပါ။ ဇာဗီ အသင်းကို နည်းပြအဖြစ် ပြန်မရောက်လာခင်တည်းက အသင်းသာ အလိုရှိရင် သူ ကူညီပေးမယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာက ဘဏ္ဍာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး ကစားသမားဘက်ကလည်း လက်ခံနားလည်တာကြောင့် လစာငွေ (၁) ယူရိုသာ ယူမယ်လို့ လာလီဂါအဖွဲ့ချုပ်ကို စာတင်ခဲ့တာပါ။

လာလီဂါဘက်ကတော့ ဒါကို အခြေအမြစ်မရှိတဲ့ ကိစ္စအဖြစ် ယူဆနေတာကြောင့် ဒါကို လက်မခံဘဲ ပယ်ချခဲ့ပါတယ်။ ဘာစီလိုနာဟာ လစာငွေထိန်းချုပ်ကန့်သတ်ထားမှုတွေကြောင့် အဲလ်ဗက်စ်ကို ပုံမှန်အတိုင်း လစာပေးနိုင်မှာလည်း မဟုတ်ပါဘူး။

ဒန်နီအဲလ်ဗက်စ်ကတော့ သူ့နှလုံးသားထဲက ဘာစီလိုနာအတွက် အစွမ်းကုန်ပေးဆပ်ဖို့ အဆင်သင့်ရှိနေပေမယ့် လက်ရှိအနေအထားတွေအရတော့ ခက်ခဲဦးမှာပါ။ သူ့အနေနဲ့ လာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ကစားနိုင်ဖို့လည်း ပစ်မှတ်ထားနေပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ ဒန်နီအဲလ်ဗက်စ်က ဘရာဇီးအိုလံပစ် ဘောလုံးအသင်းနဲ့အတူ တိုကျိုအိုလံပစ်ကို ပါဝင်ဆင်နွှဲခဲ့ပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။