ဆိုးလ်ရှားရဲ့ဦးနှောက်ကို ဂွါကြီးတောင်လိုက်မမှီလို့ ဒါဘီမတိုင်ခင် (၁၀) မိနစ်ပဲလေ့ကျင့်ခဲ့ရတယ်ဆိုတဲ့ ဒီဘရိုင်း

မန်စီးတီး ကွင်းလယ် ကစားသမား ဒီဘရိုင်းက မန်ချက်စတာဒါဘီပွဲမတိုင်ခင် သူတို့ရဲ့ ပြင်ဆင်လေ့ကျင့်မှုက ထူးခြားခဲ့တာနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောကြားလာပါတယ်။

ပြီးခဲ့တဲ့စနေက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့မန်စီးတီးတို့ပွဲမှာ မန်စီးတီးက ၀-၂ ဂိုးနဲ့ သက်သောင့်သက်သာ အနိုင်ရရှိခဲ့တာပါ။ မန်စီးတီးအနေနဲ့ ဒီပွဲမှာ ပထမပိုင်းတည်းက အနိုင်ဂိုးနှစ်ဂိုးလုံးရရှိခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ သိသိသာသာ ကစားအားလျော့ချခဲ့သလို ပထမပိုင်းမှာလည်း မန်စီးတီးရဲ့ အပိုင်အခွင့်အရေးတွေကို ယူနိုက်တက်ဂိုးသမား ဒီဂီယာ လက်စွမ်းပြကာကွယ်နိုင်ခဲ့တာကြောင့် အခုထက် ဂိုးပိုမပြတ်ခဲ့တာပါ။

ဒီပွဲမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာက လူစားလဲမှုတစ်ယောက်မှ မပြုလုပ်ခဲ့ဘဲ ပွဲက သက်သောင့်သက်သာရှိလွန်းတာကြောင့် မလဲခဲ့တာလို့ဖြေရှင်းခဲ့ပြီး အရန်ခုံပေါ်က သူ့ကစားသမားတွေကိုလည်း တောင်းပန်ခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာလည်း ဒီဘရိုင်းက “ပွဲမတိုင်ခင် တစ်ရက်က ကျွန်တော်တို့ အမြဲတမ်း ပြိုင်ဘက် အနေအထားအပေါ် မူတည်ပြီး နည်းဗျူဟာပိုင်း၊ နည်းစနစ်ပိုင်းပြင်ရပါတယ်”

“ဒါပေမယ့် ယူနိုက်တက်နဲ့ကစားမယ့်ပွဲမတိုင်ခင် ပက်ပ် (ဂွါဒီယိုလာ) က သူတို့ဘယ်လိုကစားမလဲ ငါလည်း မသိဘူး၊ စောင့်ကြည့်တာပေါ့ကွာဆိုပြီး ပြောပါလေရော။ အဲ့ဒါနဲ့ ကျွန်တော်တို့ (၁၀) မိနစ်လောက်ပဲ လေ့ကျင့်ခန်းဆင်းပြီး နားလိုက်ပါတယ်”

“သူက ပြိုင်ဘက်တွေ ဘယ်လိုကစားလာမလဲဆိုတာကို ကြိုမြင်လေ့ရှိပါတယ်။ ဒီတစ်ခါတော့ သူမသိတော့ ဘယ်လိုပြင်ရမှန်းလည်း သူမသိတဲ့ပုံပဲဗျ။ ကျွန်တော်တို့က ဒါမျိုး အမြဲတမ်း ပြင်ဆင်နေကျပါ”

“ဒါပေမယ့် ဒီတစ်ခါတော့ ယူနိုက်တက်က နောက်တန်း (၅) ယောက်ထားမှာလား၊ (၄) ယောက်ထားမှာလား၊ ကွင်းလယ်ကရော ဒိုင်းမွန်းပုံစံလား၊ တိုက်စစ်ကရော (၃) ယောက်ပွဲထွက်မှာလား မသိခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။