ဂိုးမသွင်းနိုင်လည်း စိတ်သဘောထားကြီးတဲ့လူသားတစ်ယောက်ဆိုတာကို သက်သေပြခဲ့တဲ့ ရော်နယ်ဒို

မနေ့က ကစားခဲ့တဲ့ အိုင်ယာလန်နဲ့ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပေါ်တူဂီတို့ ဂိုးမရှိသရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပြီး ပွဲပြီးခါနီးအချိန်မှာလည်း ပီပီအထုတ်ခံခဲ့ရတာကြောင့် လက်ကျန်ပွဲကစားချိန် (၁၀) မိနစ် ဝန်းကျင်ကို တစ်ယောက်လျော့နဲ့ ကစားခဲ့ရပါတယ်။

ပွဲအပြီးမှာတော့ မိန်းကလေးငယ်လေးတစ်ယောက်က ကွင်းထဲဝင်လာခဲ့ပြီး သူ့ရဲ့ စံပြပုဂ္ဂိုလ် ရော်နယ်ဒိုနဲ့ တွေ့ဆုံနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ရော်နယ်ဒိုရဲ့ဘေးမှာ အစောင့်အရှောက်တွေလည်း ဝန်းရံထားတာပါ။

ဒါပေမယ့် ရော်နယ်ဒိုကတော့ သဘောထားကြီးမားစွာနဲ့ပဲ ဒီကလေးငယ်ကို အနီးကပ်တွေ့ဆုံခဲ့ပြီး ပွေ့ဖက်နှုတ်ဆက်ကာ သူ့ရဲ့ဂျာစီကိုလည်း လက်ဆောင်အဖြစ် ပေးအပ်သွားခဲ့ပါတယ်။

ကလေးငယ်လေးက ပျော်ရွှင်လွန်းလို့ ဝမ်းသာမျက်ရည်တွေကျနေတာကိုလည်း ရုပ်သံမှတ်တမ်းတွေက အမိအရဖော်ပြခဲ့တာပါ။

ဒီဖြစ်ရပ် မတိုင်ခင် စက္ကန့် (၂၀) လောက်အလိုမှာလည်း ပရိသတ်တစ်ယောက်က ဒဗ္ဗလင်ကွင်းထဲကို ဝင်ရောက်လာခဲ့ပြီး ရော်နယ်ဒိုရဲ့ ဂျာစီကို တောင်းခံဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့သလို ရော်နယ်ဒိုရဲ့ ဂျာစီကို ရယူဖို့ ကတိတောင်းထားတဲ့ အိုင်ယာလန်ဂိုးသမား ဘာဇူနူအနေနဲ့လည်း မျှော်လင့်ထားသလို မဖြစ်ခဲ့ပါဘူး။

အဲ့ဒါကြောင့်လည်း ပရိသတ်တွေက ဆိုရှယ်မီဒီယာပေါ်မှာ ဒီပရိသတ်အတွက်လည်း စိတ်မကောင်းဖြစ်တဲ့စကားဆိုခဲ့ပါသေးတယ်။

ပေါ်တူဂီဟာ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲအဖြစ် လာမယ့် နိုဝင်ဘာ (၁၅) မှာ ဆာဘီးယားကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာပါ။ ပေါ်တူဂီအနေနဲ့ အဲ့ဒီပွဲမှာ အနည်းဆုံးသရေရလဒ် ရရှိရုံနဲ့ အုပ်စုပထမနေရာနဲ့ ကာတာကို အရောက်လှမ်းခွင့် ရရှိမှာလည်းဖြစ်ပါတယ်။