မက်ဆီ၊ နေမာ၊ အမ်ဘာပေသုံးယောက်ကို ဘာမှမမှာဘဲ ကွင်းထဲလွှတ်ထားပေးလို့ရတယ်ဆိုတဲ့ ပိုချက်တီနို

ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုက သူ့အသင်းက နာမည်ကျော် တိုက်စစ်အတွဲဖြစ်တဲ့ မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ သုံးယောက်ကို ဘာမှထွေထွေထူးထူး သင်ပေးနေစရာ မလိုဘူးလို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ မက်ဆီ အသင်းကိုရောက်လာတဲ့နောက် ပိုချက်တီနိုတစ်ယောက် ဒီသုံးယောက်ကြားထဲ ဗျာများနေရတယ်လို့ သတင်းတွေက ဖော်ပြခဲ့တာပါ။

ပိုချက်တီနိုအနေနဲ့ သူတို့အထဲက ဘယ်သူ့ကိုပဲ လူစားလဲလဲ၊ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အဲ့ဒီအရာကို အရေးတယူ ဖြေရှင်းနေရဆဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ပိုချက်တီနိုက “ကျွန်တော်ထင်ပါတယ်။ ခင်ဗျားသာဆိုလည်း ဒီလို ကစားသမားမျိုးတွေကို ဘာမှသင်ပေးနိုင်မှာမဟုတ်ပါဘူး။ ကွင်းထဲမှာ ဘယ်လိုပြုမူရမယ်တို့ ဘာတို့ပေါ့။ သူတို့က အံ့အားသင့်စရာကောင်းတဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားသူတွေပါ”

“သူတို့အတွက် လိုအပ်တဲ့တစ်ခုတည်းသော အရာက အချိန်ပါ။ ကောင်းကောင်းချိတ်ဆက်နိုင်ဖို့အတွက် အဲ့ဒီအရာပဲ လိုအပ်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ခင်ဗျား ဒီလို ထိပ်တန်းကစားသမားတွေကို တခြား ဘာမှ သင်ပေးနေစရာ မလိုပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒီသုံးယောက်ကြားထဲမှာ တည်ငြိမ်တဲ့ အချိတ်အဆက်တစ်ခုကို ပြသနိုင်ဖို့အတွက် လက်ရှိအချိန်ထိ ရုန်းကန်နေရဆဲပါ။ အထူးသဖြင့် မက်ဆီက ပြင်သစ်လီဂူးမှာ ပုံစံကောင်းပျောက်ဆုံးနေဆဲဖြစ်ပြီး အမ်ဘာပေကလည်း အသင်းကထွက်ခွာဖို့အတွက်သာ ဆန္ဒပြင်းပြနေတာလည်းဖြစ်ပါတယ်။