အသင်းကို ရော်နယ်ဒို ဘယ်အချိန်ကရောက်မှန်းတောင်မသိဘဲ မိန့်ခွန်းတက်ပြောနေတဲ့ ဂလေဇာ

ယူနိုက်တက် ပိုင်ရှင် အေဗရမ်ဂလေဇာဟာ တူလိန်းတက္ကသိုလ်အသင်းနဲ့ တွေ့ဆုံချိန်မှာ ရော်နယ်ဒိုရဲ့ အလုပ်ကြိုးစားမှု၊ အလုပ်အပေါ်ထားရှိတဲ့ ဝတ္တရားတွေကို ထည့်သွင်း ပြောကြားရင်း ချီးကျူးခဲ့တယ်လို့ သိရှိရပါတယ်။

ဂလေဇာနဲ့ သူ့မိန်းမဂျေးလ်တို့ဟာ အဲ့ဒီတက္ကသိုလ်ရဲ့ အဓိကအလှူရှင်တွေဖြစ်ကြပြီး ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းနေရတဲ့ အဆိုပါအသင်းအတွက် အခုလိုပဲ အားပေးစကားသွားရောက်ပြောကြားခဲ့တာပါ။

ဂလေဇာက “ရော်နယ်ဒို ငါတို့အသင်းကို အသက် (၁၆) နှစ်မှာရောက်လာတယ်၊ သူ ယူနိုက်တက်ကို စရောက်လာတည်းက လေ့ကျင့်ရေးကွင်းကို သူအစောဆုံးရောက်တယ်၊ အနောက်ကျဆုံးပြန်တယ်၊ ထိပ်တန်းကစားသမားတစ်ယောက်ဆိုတာ မွေးတည်းက မဖြစ်လာပါဘူး”

“သူတို့က အခြားသူတွေထက် အများကြီး အလုပ်ပိုကြိုးစားရတယ်၊ သူတို့ရဲ့ အကောင်းဆုံးပုံစံတွေကို ကြိုးစားရတယ်၊ မင်းတို့လည်း မင်းတို့ရဲ့အကောင်းဆုံးပုံစံတွေကို ပြသကြပါ”

“မင်းတို့လိုချင်တဲ့ပန်းတိုင်ကိုရောက်အောင် တတ်နိုင်သမျှ အာရုံစိုက်ထားဖို့ လိုအပ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဂလေဇာရဲ့ ဒီမိန့်ခွန်းတွေကို တူလိန်းအသင်းရဲ့ တွစ်တာအကောင့်မှာတင်ထားပေမယ့် နောက်ပိုင်းမှာတော့ ပြန်ဖျက်သွားခဲ့ပါတယ်။

ဂလေဇာကတော့ ရော်နယ်ဒို အသက် (၁၆) နှစ်တည်းက ယူနိုက်တက်ကို ရောက်လာတယ်ပြောသွားပေမယ့် တကယ့်အမှန်ကတော့ ရော်နယ်ဒိုက သူ့အသက် (၁၈) နှစ်အရွယ် (၂၀၀၃) မှသာ ယူနိုက်တက်ကို စတင်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ (၂၀၀၉) မှာတော့ ယူနိုက်တက်ကနေ ထွက်ခွာသွားခဲ့ပြီး ပြီးခဲ့တဲ့နွေရာသီမှသာ ရော်နယ်ဒိုက အသင်းကို တစ်ကျော့ပြန်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။