မင်းတို့ရဲ့ သောက်ပိုက်ဆံတွေက ချန်ပီယံလိဂ်ဖလားကိုမရနိုင်ပါဘူးကွာလို့ မန်စီးတီးနဲ့ PSG ကို ဘိုင်ယန်ထိုးနှက်

ဘိုင်ယန်မြူးနစ်ရဲ့ ဥက္ကဌဟောင်း အူလီဟိုးနက်စ်က ဥရောပမှာ ငွေကြေးသုံးစွဲမှု ကြမ်းကြမ်းတမ်းတမ်းနဲ့ ချန်ပီယံလိဂ်ဖလားယူဖို့ ကြိုးစားနေတဲ့ မန်စီးတီးနဲ့ ပီအက်စ်ဂျီတို့ကို ထိုးနှက်ပြောကြားလိုက်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ သူတို့ရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုတွေမှာ စံချိန်တင်ပြောင်းရွှေ့ကြေးတွေ၊ စံချိန်တင်လစာငွေတွေမပါဝင်အောင် ထိန်းချုပ်ထားတဲ့ အသင်းတစ်သင်းပါ။

ဒါပေမယ့် အူလီဟိုးနက်စ် ဝေဖန်ခဲ့တဲ့နှစ်သင်းကတော့ သူတို့လိုချင်တဲ့ ကစားသမားဆိုရင် ဘယ်လောက်ပဲပေးရ၊ ပေးရ မရမကခေါ်ယူလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာပဲ မန်စီးတီးက ဂရီလစ်ရှ်အတွက် ပေါင်သန်း (၁၀၀) သုံးထားသလို

ပီအက်စ်ဂျီကလည်း မက်ဆီ၊ ရာမို့စ်၊ ဒွန်နာရမ်မာ၊ ဟာကီမီ၊ ဝိုင်နယ်လ်ဒမ်းတို့လို နာမည်ကြီးကစားသမားတွေကို စိတ်ကြိုက်လစာ ပေးခေါ်ထားတာပါ။ ဒီအပေါ်မှာ အူလီဟိုးနက်စ်က “သူတို့နှစ်သင်း (မန်စီးတီးနဲ့ပီအက်စ်ဂျီ) က ဘာဖလားမှ ရမှာမဟုတ်ပါဘူး။ ဘာမှကိုမရမှာပါ”

“သူတို့ ကျွန်တော်တို့ကို ထပ်ရှုံးဦးမှာပဲ။ အမြဲတမ်းမဟုတ်တောင် တစ်ချိန်မဟုတ် တစ်ချိန်ပဲ။ ဒါက ကျွန်တော်တို့ရဲ့ ပစ်မှတ်ပါ။ သူတို့ကို နိုင်ပြီဆိုရင် ကျွန်တော် အရမ်းပျော်ပါတယ်။ သူတို့ရဲ့ သောက်ပိုက်ဆံတွေက မလုံလောက်သေးဘူးဆိုတာ ပြနိုင်လို့လေ”

“အယ်လ်ခီလိုင်ဖီ (ပီအက်စ်ဂျီပိုင်ရှင်) က ဘောလုံးကိုနှစ်သက်လား ကျွန်တော် မသိပါဘူး။ သူနဲ့ ကျွန်တော့်အကြား ကွာခြားချက်လား။ ကျွန်တော်က ပိုက်ဆံရဖို့ အလုပ်ကြိုးစားတယ်၊ သူကတော့ ပိုက်ဆံကို လက်ဆောင်လိုရတယ်” လို့ ထိုးနှက်ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ပီအက်စ်ဂျီတို့ဟာ မကြာသေးတဲ့ရာသီကမှ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့ဖူးပြီး ဘိုင်ယန်မြူးနစ်က ပီအက်စ်ဂျီကို အနိုင်ရဗိုလ်စွဲခဲ့ဖူးပါတယ်။