စပါးမှာ သွားကစားမယ့်အစား ဘောလုံးမကန်ဘဲနေလိုက်မယ်ဆိုတဲ့ အူဘာမီးယန်း

အာဆင်နယ် တိုက်စစ်မှူး အူဘာမီးယန်းက သူ့အနေနဲ့ လွန်ခဲ့တဲ့နှစ်တွေမှာ စပါးကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တဲ့အကြောင်း၊ ဒါပေမယ့် အခုချိန်မှာတော့ စပါးကို ပြောင်းရွှေ့မယ့်အစား ဘောလုံးလောကကို စွန့်ခွာသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒေါ့မွန်ကနေ အာဆင်နယ်ကို ရောက်ရှိလာပြီးနောက်ပိုင်း အသင်းရဲ့အဓိကတိုက်စစ်မှူးအဖြစ် ကာလရှည် ရပ်တည်ခဲ့တဲ့ အူဘာမီးယန်းဟာ ဒီမတိုင်ခင်မှာ စပါးကို ရောက်ရှိဖို့ နီးစပ်ခဲ့သေးတာပါ။ ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ အူဘာမီးယန်းက အခုလိုပဲ ပြောကြားခဲ့ပါတယ်။

အူဘာမီးယန်းက “ခင်ဗျား ဒီမေးခွန်းကို မေးနေစရာတောင် မလိုပါဘူး။ ကျနော် စပါးကို သွားမယ့်အစား အနားယူနိုင်တာပေါ့။ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က ကျနော် စပါးကိုသွားဖို့နီးစပ်ခဲ့ပေမယ့် နောက်ဆုံးမှာ သူတို့ဘာတွေလုပ်ခဲ့လဲ မသိပါဘူး”

“အဲ့ဒီတုန်းက ကျနော် စိန့်အက်တီယန်မှာဖြစ်မယ်ထင်တယ်၊ ဒေါ့မွန်ကစားသမားဘဝ အစောပိုင်းလည်း ဖြစ်လောက်တယ်၊ အတိအကျတော့ မမှတ်မိပါဘူး။ ကျနော် လန်ဒန်ကိုရောက်လာတယ်၊ ဝှိုက်ဟတ်လိန်းကွင်းထဲတောင် ရောက်ခဲ့တာပါ”

“နောက်တော့ သူတို့ကျနော့်ကို ဘာမှအကြောင်းမပြန်တော့ပါဘူး။ ကျနော်ကလည်း ‘အိုကေ၊ ဘာမှစိတ်ပူစရာမရှိဘူး’ ပဲ နေတာပေါ့။ အဲ့ဒါကြောင့်လည်း သူတို့နဲ့တွေ့တိုင်း ကျွန်တော် ပုံမှန်ထက် စိတ်ဓာတ်တက်ကြွပြီး ကစားပြနေတာပေါ့။ သူတို့လည်း ဒါကိုသိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒီရာသီ အာဆင်နယ်က စပါးကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အူဘာမီးယန်းက ခါးသီးတဲ့မြောက်လန်ဒန်ဒါဘီပြိုင်ဘက်ကို ဂိုးသွင်းပြီး အာဆင်နယ်ဂန္တဝင်အွန်နရီရဲ့ အောင်ပွဲခံဟန်အတိုင်းလည်း အောင်ပွဲခံခဲ့ပါသေးတယ်။