တစ်ကမ္ဘာလုံးမှာရှိတဲ့ ဘာကာကစားသမားတွေကို ပြန်ခေါ်ချင်နေတဲ့ ဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီဟာ အသင်းကို ပြန်လည်ရောက်ရှိလာချိန်မှာ သူ့စိတ်ကြိုက် ပြင်ဆင်မှုတွေကို ပြုလုပ်လျက်ရှိပါတယ်။ အသင်းမှာရှိတဲ့ ကစားသမားတွေကို စည်းကမ်းတင်းကျပ်နေတဲ့အပြင် သူ့စိတ်ကြိုက် ခေါ်ယူအားဖြည့်မှုတွေကိုလည်း ကြံရွယ်နေတာပါ။

သူ့ကစားသမားဘဝမှာ တွဲကစားခဲ့ဖူးတဲ့ ညာနောက်ခံလူကြီး ဒန်နီအဲလ်ဗက်စ်ကို မရမက ပြန်ခေါ်ယူခဲ့ပါတယ်။ ဒန်နီအဲလ်ဗက်စ်ကို ခေါ်တဲ့ နေရာမှာ လစာ (၁) ယူရိုလို့ သတ်မှတ်ပြီးခေါ်ခဲ့တာကြောင့် လာလီဂါအဖွဲ့ချုပ်က ကန့်ကွက်ခဲ့သေးတာပါ။

ဒါပေမယ့် နောက်ဆုံးမှာတော့ ဒီအပြောင်းအရွှေ့က အောင်မြင်ခဲ့ပြီး ဒန်နီအဲလ်ဗက်စ်ကို နူးကမ့်ကွင်းကြီးထဲမှာ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ အခုချိန်မှာတော့ ဇာဗီက နောက်ထပ် ကစားသမားခေါ်ယူမှုအဖြစ် လီဗာပူးမှာ ကစားနေတဲ့ ဘာစီလိုနာကွင်းလယ်လူဟောင်း သီယာဂိုကို ပြန်လည်ခေါ်ယူဖို့လည်း စိတ်ဝင်စားလာပါပြီ။

ဇာဗီဟာ တီကီတာကာ ကစားကွက်ကို ဘာစီလိုနာမှာ ပြန်လည်အသက်သွင်းဖို့ ဆန္ဒရှိနေပုံရပြီး သီယာဂိုက ဒီကစားကွက်အတွက် အဓိကအရေးပါမယ့် ကစားသမားဖြစ်လာနိုင်ပါတယ်။

သီယာဂိုအနေနဲ့ လီဗာပူးကို မနှစ်က ရောက်ရှိလာခဲ့ပေမယ့် လက်ရှိအချိန်ထိ ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရဆဲပါ။

အဲ့ဒါကြောင့်လည်း ဇာဗီသာ အမှန်တကယ် ခေါ်ယူချင်တယ်ဆိုရင် သီယာဂိုကို လွယ်လွယ်ကူကူနဲ့ ခေါ်ယူနိုင်ဖွယ်ရှိပါတယ်။ ဇာဗီရောက်ရှိလာတဲ့နောက် အသင်းရဲ့ဂန္တဝင်နောက်ခံလူဟောင်းဖြစ်တဲ့ ပူယိုးလ်ကလည်း ဇာဗီကို ကူညီပေးနိုင်ဖို့ စိတ်အားထက်သန်နေတာပါ။

ဇာဗီကတော့ ဘာစီလိုနာလူဟောင်းတွေနဲ့ အသင်းကို အုတ်မြစ်ပြန်ချဖို့ စီစဥ်နေတာဖြစ်ပြီး မက်ဆီလည်း PSG နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ ဘာစီလိုနာကို ပြန်လာလိမ့်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။