ဆုမရဘူးထင်ရင် ဆုပေးပွဲမလာတဲ့အကျင့်ကိုပြင်ဖို့မရှိသေးတဲ့ ရော်နယ်ဒို

ယူနိုက်တက်နဲ့ ပေါ်တူဂီတိုက်စစ်မှူးကြီး ရော်နယ်ဒိုဟာ လာမယ့် နိုဝင်ဘာ (၂၉) မှာ ကျင်းပမယ့် ဘလွန်းဒီအော်ဆုပေးပွဲကို တက်ရောက်ဖွယ်မရှိဘူးလို့ သတင်းတွေထွက်ပေါ်လာပါတယ်။

ဒီနှစ်မှာ ဘလွန်းဒီအော်မရနိုင်ဘူးဆိုတာကို ရော်နယ်ဒိုက လက်ခံထားဟန်ရှိပြီး အဲ့ဒီနောက်မှာတော့ သူ့ရဲ့ပုံစံအတိုင်း ဆုပေးပွဲကို ရှောင်လွှဲသွားမယ်လို့ သတင်းတွေကဖော်ပြနေတာပါ။

ရော်နယ်ဒိုဟာ အရင်ကလည်း ဒီလိုမျိုးဆုပေးပွဲမတက်ဘဲ ရှောင်ခဲ့ဖူးတဲ့ သာဓကတွေရှိခဲ့ဖူးပြီး ဒီနှစ်မှာလည်း အလားတူ ပုံစံမျိုး ထပ်မံပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ အကောင်းဆုံးဆုမှန်သမျှ သူ့အတွက်ပဲ ဖြစ်ချင်တဲ့ ရော်နယ်ဒိုဘက်ကကြည့်ရင်တော့ ဒါက အပြစ်တင်လောက်စရာ မဟုတ်ပါဘူး။

(၂၀၂၁) ဘလွန်းဒီအော်ဆုပေးပွဲအတွက် မက်ဆီ၊ လီဝန်ဒေါစကီးတို့နှစ်ယောက်သာ ရေပန်းစားနေပြီး ဂျော်ဂျင်ဟိုကလည်း ရဖို့ မဖြစ်နိုင်ပါဘူး။ ရော်နယ်ဒိုအနေနဲ့ ထိပ်ဆုံး (၃) ယောက်မှာ ပါဝင်ဖို့တောင် မရေမရာဖြစ်နေတာကြောင့် ဆုပေးပွဲကို လာရောက်ဖွယ်မရှိဘူးလို့ ပရိသတ်တွေက ခန့်မှန်းနေပါတယ်။

အခြားသောသတင်းတွေရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုအနေနဲ့ ဆုပေးပွဲကျင်းပတဲ့နေ့မှာ အခြားသောပွဲတစ်ခုကို တက်ရောက်ဖို့ လက်ခံထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်အစောပိုင်းမှာ (၂၀၂၁) ဘလွန်းဒီအော်ကို မက်ဆီပဲ ဆွတ်ခူးခဲ့တယ်လို့ သတင်းတွေထွက်ခဲ့သေးတာပါ။

နောက်ပိုင်းမှာတော့ ဒီဆုပေးပွဲကို ဦးစီးကျင်းပတဲ့ France Football က ဒီသတင်းတွေကို အခြေအမြစ်မရှိတဲ့ သတင်းတွေအဖြစ် ငြင်းဆန်ခဲ့ပါတယ်။ ဒီဆုပေးပွဲ အခမ်းအနားကိုတော့ မက်ဆီရှိနေတဲ့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာပဲ ကျင်းပသွားမှာဖြစ်ပါတယ်။