နည်းပြတွေသာ လူခေါ်မမှားခဲ့ရင် ငါ့ဘဝမှာလည်း ပရီးမီးယားလိဂ်ရနိုင်ပါတယ်ကွာဆိုတဲ့ ကာရေဂါ

လီဗာပူးဂန္တဝင်နောက်ခံလူဟောင်းကြီး ကာရေဂါက လီဗာပူးနည်းပြဟောင်းနှစ်ယောက်ဖြစ်တဲ့ ဟူလီယာနဲ့ ဘင်နီတက်ဇ်တို့သာ အပြောင်းအရွှေ့မှာ အမှားမလုပ်ခဲ့ရင် လီဗာပူးလည်း ပရီးမီးယားလိဂ်ဖလားရနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။

လီဗာပူးရဲ့ဂန္တဝင်နှစ်ယောက်ဖြစ်တဲ့ ကာရေဂါ၊ ဂျရတ်တို့ခေတ်မှာ လီဗာပူးက အမှတ်ပေးချန်ပီယံဆုနဲ့ ကာလရှည်ဝေးကွာခဲ့တာပါ။ ယာဂင်ကလော့ပ်နည်းပြအဖြစ် ရောက်ရှိလာမှသာ ပရီးမီးယားလိဂ်လို့ နာမည်ပြောင်းပြီးနောက်ပိုင်း ပထမဆုံး အမှတ်ပေးချန်ပီယံဆုကိုရရှိခဲ့ပါတယ်။

သူတို့ခေတ်က အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ ကာရေဂါက “ကျနော်တို့ခေတ်က ပရီးမီးယားလိဂ်ဖလားမရခဲ့တဲ့အကြောင်းရင်းက နည်းပြတွေက လီဗာပူးအတွက် သင့်တော်မှန်ကန်တဲ့ ခေါ်ယူမှုတွေ မပြုလုပ်နိုင်ခဲ့လို့ပါ။ ဟူလီယာ၊ ဘင်နီတက်ဇ်တို့ လက်ထက်မှာ ကျနော်တို့ ဆုဖလားနဲ့ နီးစပ်ခဲ့ပါတယ်”

“ဒါပေမယ့် ခေါ်ယူမှုတစ်ခု၊ နှစ်ခုလောက် ထပ်မလုပ်ခဲ့ဘဲ အချို့သော ခေါ်ယူမှုတွေကလည်း လုံးဝကို အလုပ်မဖြစ်ခဲ့ပါဘူး။ ဗန်ဒိုက်ချ်၊ ဆာလာ၊ အယ်လစ်ဆန်တို့ လီဗာပူးကို ရောက်လာတာက တကယ့်ကို အခွင့်အရေးကောင်းဖြစ်သွားခဲ့ပါတယ်”

“ချန်ပီယံလိဂ်မှာလည်း ဖလားပြန်ရ၊ ပရီးမီးယားလိဂ်လည်းရခဲ့ပါတယ်။ ကလော့ပ်အတွက် ဒီကစားသမားတွေက လိုအပ်တဲ့ခေါ်ယူမှုတွေပါ။ အဲ့ဒါတွေက အလုပ်ဖြစ်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အသက် (၄၃) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကာရေဂါဟာ လီဗာပူးအတွက် ပွဲပေါင်း (၇၃၇) ပွဲကစားပေးခဲ့တဲ့ နောက်ခံလူဟောင်းတစ်ယောက်ဖြစ်ပြီး (၂၀၁၃) မှာ ကစားသမားဘဝက အနားယူခဲ့တာပါ။ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် ချန်ပီယံလိဂ်၊ ယူအီးအက်ဖ်အေဖလား၊ FA ဖလားနဲ့ လိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။