မီထရိုဗစ်ကြောင့် ကမ္ဘာ့ဖလားဝင်ခွင်ရဖို့ ဆက်ရုန်းရတော့မယ့် ရော်နယ်ဒိုရဲ့ ပေါ်တူဂီ

ပေါ်တူဂီ အသင်းဟာ ဒီမနက်ပိုင်းက (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုနောက်ဆုံးပွဲအဖြစ် ဆားဘီးယား အသင်းနဲ့ အိမ်ကွင်းမှာ ကစားခဲ့ရာ (၂)ဂိုး-(၁)ဂိုးနဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ပေါ်တူဂီ အသင်းဟာ သရေတမှတ် ရတာနဲ့ တိုက်ရိုက်ခြေစစ်ပွဲအောင်မှာဖြစ်ပေမယ့် အရေးနိမ့်ခဲ့တာကြောင့် ပလေးအောဖ့် ပွဲစဉ်တွေ ဆက်လက်ကစားရတော့မှာဖြစ်ပါတယ်။ ပေါ်တူဂီ အသင်းဟာ ပွဲအစ(၂)မိနစ်တည်းက ရီနာတိုဆန်းချက်စ် ရဲ့သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် တာဒစ် က ပွဲချိန်(၃၃)မိနစ်မှာ ဆားဘီးယား အတွက် ချေပဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

တဖက်(၁)ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးတော့မယ့် အချိန် ပွဲချိန်မိနစ်(၉၀)မှာ မီထရိုဗစ် က ဆားဘီးယား အတွက် အနိုင်ဂိုးသွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ပေါ်တူဂီ အသင်းဟာ ဆားဘီးယား အသင်းကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ဆားဘီးယား အသင်းက ဒီပွဲအနိုင်ရခဲ့တာကြောင့် (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက်ခြေစစ်ပွဲအောင်ပြီး ဝင်ကစားခွင့်ရရှိသွားပြီလည်းဖြစ်ပါတယ်။ပေါ်တူဂီ ကတော့ ကာတာ ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့ ပလေးအောဖ့်ပွဲစဉ်မှာ ရလဒ်ကောင်းရဖို့ ဆက်ပြီး ရုန်းကန်ရတော့မှာပါ။

ပေါ်တူဂီ အသင်းဟာ အိမ်ကွင်းမှာ အရေးနိမ့်ခဲ့လို့ ရှုံးချက်နာခဲ့တာဖြစ်ပြီး (၂၀၁၃)နောက်ပိုင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ အိမ်ကွင်းမှာ ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းလည်း ရပ်တန့် သွားခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒို ဟာ ဒီပွဲမှာလည်း ခြေစွမ်းမပြနိုင်ခဲ့ပဲ နိုင်ငံအသင်းနဲ့ (၂)ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးနေခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင် ကလပ်နဲ့ နိုင်ငံအသင်းအတွက် (၃)ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးနေပြီး ရော်နယ်ဒို အတွက်တော့ ခက်ခဲတဲ့ ရက်သတ္တပတ်တွေကို ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒို အတွက်တော့ ဒီကမ္ဘာ့ဖလားဟာ သူ့အတွက် နောက်ဆုံးပါဝင်ယှဉ်ပြိုင်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်နိုင်တာကြောင့် အသင်းရဲ့ရလဒ်အတွက် စိတ်ပျက်လက်ပျက် နဲ့ ကွင်းထဲမှာ ထိုင်နေခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီ အသင်းရဲ့လက်ရှိအနေအထားအရ ပလေးအောဖ့် အဆင့်ကနေ နောက်တဆင့်တက်နိုင်တဲ့ အနေအထားမှာ ရှိနေတာဖြစ်ပေမယ့် လာမယ့်နှစ် ကမ္ဘာ့ဖလားဝင်ခွင့်ရနိုင်မလားဆိုတာတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။